မြန်မာနိုင်ငံမှာ နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူ ကျင်းပမှာမို့ ၂၀၁၁ အတွင်းမှာ လွှတ်တော်အသစ်၊ အစိုးရသစ်တွေ ပေါ်ပေါက်လာတော့မှာပါ။ မလွဲှမရှောင်သာတဲ့ အပြောင်းအလဲအချို့ ရှိလာမှာ ဖြစ်ပေမဲ့ သိပ်တော့ မျှော်လင့်လို့ မရသေးဘူးလို့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ အစိုးရသစ်၊ လွှတ်တော်သစ်ကနေ မြန်မာ့နိုင်ငံရေးအတွက် ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှုတွေ မလုပ်နိုင်ရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒ သဘောထားတွေ ပြောင်းလဲစရာ လမ်းမမြင်ဘူးလို့လည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအလွန် ၂၀၁၁ ခုနှစ်အတွင်းမှာ လွှတ်တော်အသစ်၊ အစိုးရသစ်နဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဇာတ်ကောင်သစ်တွေ ပေါ်လာနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက သုံးသပ်ခဲ့ပြီးသားပါ။ ထူးခြားတာကတော့ အခု လာမယ့် လွှတ်တော်မှာ လူနည်းစု လူမျိုးစု နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ပါဝင်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) က ပြောပါတယ်။
“အာဏာဖွဲ့စည်းပုံကတော့ ပြောင်းမယ့်ပုံ မရှိပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားစရာ အခြေအနေ တချို့တော့ ရှိပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ တခါမှ မကြုံခဲ့ဘူးတဲ့ အခြေအနေမို့ပါ။ လူနည်းစု လူမျိုးစုတွေ လွှတ်တော်ထဲမှာ ပါဝင်လာကြပါတယ်။”
အခုလာမယ့် လွှတ်တော်အတွင်း စစ်တပ်က အများစု ဖြစ်ပေမဲ့ အရပ်သား နိုင်ငံရေးသမားတွေလည်း ပါဝင်တာမို့ အစိုးရဖွဲ့လာရင် အရပ်သား ဝန်ကြီးတွေလည်း တွေ့လာရနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးတာဝန်ခံ လုပ်ခဲ့သူ ပရက်စ်စီလာ ကလပ်ပ် (Priscilla Clapp) က ပြောပါတယ်။
“မလွဲှမရှောင်သာတဲ့ ပြောင်းလဲမှုတွေတော့ ရှိလာမှာပါ။ ဒီအပြောင်းအလဲတွေဟာ မှန်ကန်တဲ့ဘက်ကိုလား ဆိုတဲ့ မေးခွန်းပဲ ရှိပါတယ်။ အခုဟာက အစိုးရဖွဲ့စည်းမှု ပုံစံအသစ်ပါ။ ခေါင်းဆောင် အတော်များများက စစ်ထွက်တွေ ဖြစ်ကြပေမဲ့လို့ အစိုးရဖွဲ့စည်းမှု ပုံစံအသစ် ဖြစ်လာပါမယ်။ ဒါကြောင့် အပြောင်းအလဲ တစုံတရာ ရှိမယ်လို့ မှန်းတာပါ။ လူသစ်တွေ ပေါ်လာပါလိမ့်မယ်။ အရင်တုန်းကလို စစ်တပ်က ဝန်ကြီးတွေချည်းပဲ မဟုတ်တော့ဘဲ အရပ်သား ဝန်ကြီးအချို့လည်း ရှိလာနိုင်ပါတယ်။”
တိုးတက်ပြောင်းလဲမှုတွေ ရှိမရှိ ဆိုတာဟာ လက်ရှိ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမယ့် အစိုးရအဖွဲ့နဲ့ ဘယ်လောက် ပတ်သက်နေဦးမလဲ ဆိုတဲ့အပေါ်မှာ အဓိက တည်တယ်လို့လည်း ပရက်စ်စီလာ ကလပ်ပ်က ပြောပါတယ်။
“တိုင်းပြည်အတွက် အပြုသဘော တိုးတက်ပြောင်းလဲမှုတွေ ရှိလာရင်တော့ အတော်ကောင်းမှာပါ။ ဒါပေမဲ့လို့ သိပ်တော့ မမျှော်လင့်ပါဘူး။ အဓိက အချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍပါပဲ။ အခုလာမယ့် အစိုးရသစ်မှာ သူ ဘယ်လိုကဏ္ဍမျိုးက ရှိနေမလဲဆိုတာ ကြည့်ရပါမယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အခုလာမယ့် အစိုးရ အဖွဲ့သစ်မှာ မပါဘူး၊ မပတ်သက်တော့ဘူး ဆိုရင်တော့ အပြောင်းအလဲ အတော်များများ ရှိလာနိုင်ပါတယ်။”
အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ လာမယ့် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် ဇာတ်ကောင်သစ်တွေနဲ့လည်း အရင်လိုပဲ တိုက်ရိုက်ထိစပ် ဆက်ဆံသွားရမှာပဲလို့ နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုဘက်က မူဝါဒ အပြောင်းအလဲဟာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်မှု အပေါ်မှာပဲ တည်တယ်လို့ ပရက်စ်စီလာ ကလပ်ပ်က ပြောပါတယ်။
“အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကတော့ အခုရှိနေတဲ့ ပုံစံအတိုင်းပဲ ရှိပါဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ကိုင်တွယ်ဆောင်ရွက်တဲ့ အပေါ်မှာ အတော်လေး စိတ်ပျက်ခဲ့ပါတယ်။ လက်ခံနိုင်လောက်အောင် လွတ်လပ်မျှတမှု မရှိခဲ့ပါဘူး။ လာမယ့် အစိုးရသစ်မှာ ဘယ်သူတွေ ပါဝင်မလဲ၊ စီးပွားရေး၊ နိုင်ငံရေး ပြောင်းလဲမှုတွေ ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေး အပြောင်းအလဲ ရှိပါလိမ့်မယ်။”
နှစ် ၂၀ ကျော်အတွင်း ရွေးကောက်တင်မြှောက်ပြီး တက်လာတဲ့ လွှတ်တော်သစ်၊ အစိုးရသစ် ပေါ်လာမှာမို့ အရင် စစ်တပ်က စစ်အုပ်ချုပ်ရေး ပုံစံကတော့ ကုန်လွန်သွားပြီလို့ ယေဘုယျသဘော ကြည့်နိုင်ပါတယ်။ ဒါပေမဲ့လည်း အခုလွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအရ စစ်တပ်က ၂၅% အလိုအလျောက် ပါဝင်သလို အနိုင်ရ ပါတီကလည်း စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ဖြစ်ပါတယ်။
တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ အနိုင်ရတယ် ဆိုပေမဲ့ အများစု အနိုင်ရတာက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာပါ။ အရေးကြီးတဲ့ မူဝါဒတွေ၊ ဥပဒေကြမ်းတွေကို ဆွေးနွေး အတည်ပြုပေးရမယ့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက အများစုကို တဖက်သတ် လွှမ်းမိုးထားပါတယ်။ ဒါကြောင့် အစိုးရ ဖွဲ့စည်းမှုသစ်ပုံစံ ပြောင်းသွားတယ် ဆိုပေမဲ့ တကယ်တမ်း နိုင်ငံရေးနဲ့ စီးပွားရေး မူဝါဒပိုင်း၊ အတိုက်အခံတွေအပေါ် ထားတဲ့ အစိုးရရဲ့ သဘောထား ပြောင်းလဲပါ့မလား အများကတော့ သံသယ ရှိနေကြတုန်း ဖြစ်ပါတယ်။