Zawgyi/Unicode
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေကို အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က တိုက်တွန်းနေ ချိန်မှာပဲ ပြည်တွင်းကပ်ရောဂါတတိယလှိုင်းမှာ ရောဂါတိုက်ဖျက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူတွေ ဘာတွေရင်ဆိုင်နေရပါသလဲ။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မခွာညိုက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းက လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူတွေကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်းနဲ့ အထင်ကြီးလေးစားကြောင်း မနေ့က ကျရောက်ခဲ့တဲ့ ကမ္ဘာ့လူသားချင်း စာနာထောက်ထားရေး အထိမ်းအမှတ်နေ့မှာ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဥရောပသမဂ္ဂ EU ကလည်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးအပြင် ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းမှု နောက် ဆက်တွဲ နိုင်ငံရေးအကြပ်အတည်းကြား လူသားချင်းစာနာမှု အကူအညီပေးနေသူတွေ ပိုခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နဲ့ EU ရဲ့ ထုတ်ပြန်ချက်တွေမှာ ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ လုံခြုံရေးဘေးကင်းဖို့နဲ့ သူတို့ကို ပစ်မှတ်မထားဖို့ သတိပေးထားပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေ တော်တော်များများပါဝင်ခဲ့ပြီး၊ ပြည်တွင်းကပ်ဘေးကြုံတွေ့ချိန်မှာ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုဟာ အရင်ကိုဗစ်လှိုင်းတွေကထက်စာရင် လျော့ကျခဲ့ပါတယ်။ ဒီလိုအချိန်မှာ ပရဟိတဆောင်ရွက်ပေးနေတဲ့ ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ အကြမ်းဖက်ဖမ်းဆီးခံရတဲ့ အခြေအနေတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ကိုဗစ်လူနာတွေကို အခမဲ့ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာ အကူအညီတွေနဲ့ ဖြေရှင်းပေးနိုင်ဖို့ကို စေတနာ့ဝန်ထမ်းတဦးကတော့ မျှော်လင့်နေပါတယ်။
"လုံးဝကို လက်ခံနိုင်စရာမရှိတဲ့ အရာပေါ့နော်။ ပြည်သူကနေ ပြည်သူကို သွားနေတဲ့အနေအထားမျိုးမှာ ဒီလိုမျိုးပုံစံမျိုးနဲ့ ကျနော်တို့ကို လာပြီးတော့မှ ခြိမ်းခြောက်ပြီး ဖမ်းဆီးနေတဲ့အနေအထားမျိုးကတော့ လုံးဝဖြစ်သင့်တာ မဟုတ်ဘူးပေါ့နော်။ အဲဒီအတွက် ကျနော် တောင်းဆိုလိုတာက နိုင်ငံတကာအကူအညီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးတော့မှ ဒါမျိုးကို ဝင်ရောက်ဖြေရှင်းပေးတဲ့ အနေအထားမျိုးပေါ့။ အဲဒါလေးကိုတော့ ကျနော်ပြောချင်ပါတယ်။"
CDM လှုပ်ရှားမှုမှာ ပါဝင်ပေမယ့် ကပ်ဘေးကြုံလာချိန်မှာ လူနာတွေကိုအခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူတချို့ ဖမ်းဆီးအမှုဖွင့်ခံရတဲ့ ဖြစ်စဉ်တွေရှိနေသလို၊ တချို့ပရဟိတအဖွဲ့တွေအနေနဲ့လည်း မတူညီတဲ့အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ အရင်ကထက်စာရင် အာဏာ သိမ်းပြီးချိန်မှာ ကြုံနေရတဲ့ ကပ်ရောဂါတတိယလှိုင်းမှာ ပါဝင်ကူညီပေးနေသူတွေဟာ သူတို့ရဲ့လုံခြုံရေးအတွက် သတိထားနေရသလို အလှူရှင်တွေ နည်းလာလို့ ပစ္စည်းကိရိယာလိုအပ်ချက်တွေလည်း ရှိနေပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကပ်ရောဂါတိုက်ဖျက်ရာမှာ ပါဝင်ကူညီပေးနေတဲ့ ဆရာတော်တပါးကလည်း လတ်တလောမှာရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မိန့်ပါတယ်။
"ရွာတရွာမှာဆိုရင် နာမည်တော့ မပြောတော့ပါဘူး။ ၇ ရက်မပြည့်သေးဘူး၊ နောက်ထပ်တလောင်းသွားပြန်ပြီ။ အဲဒီလို ရှေးရိုးစွဲအယူအဆတွေ ရှိနေတဲ့ရွာတွေမှာ ဘုန်းဘုန်းတို့ Ambulance ကားတွေဝင်ဖို့၊ လူသေတာပါဆိုပြီးတော့ တချို့ရွာတွေမှာ ကားတွေတောင်မှ ဝင်ခွင့်မပေးဘူး ဖြစ်နေတယ်။ ပရဟိတအဖွဲ့တွေက ICRC က လှူဒါန်းပေးတဲ့ Dead Body အိတ်ကလေးတွေနဲ့ စနစ်တကျထုတ်ပိုးပြီးတော့ အဲဒီဥစ္စာကို သက်ဆိုင်ရာနေရာတွေမှာ မီးသင်္ဂြိုလ်ကြတယ်။ ပရဟိတတွေအတွက်ကတော့ ကာကွယ်ရေးပစ္စည်းတွေ အရမ်းရှားပါးနေတယ်။ PPE၊ Mask တို့၊ လက်အိတ်တို့၊ N 95 တို့ အဲဒီဟာမျိုးတွေကျတော့ ပရဟိတအသင်းတွေအတွက်ကို အရမ်းလိုအပ်နေတယ်။ အဲဒါကတော့ ဘုန်းဘုန်းတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေပေါ့နော်။"
ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ စေတနာ့ဝန်ထမ်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ စစ်ကောင်စီက တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာပဲ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တချို့ ဖမ်းဆီးခံနေရ၊ ဖမ်းဝရမ်းထုတ်ခံထားရဆဲဖြစ်ပြီး၊ ကျန်သူတွေဟာလည်း အဖမ်းခံရမယ့်အရေး စိုးရိမ်နေကြတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ ပရဟိတအကူအညီပေးနေသူက ပြောနေကြပါတယ်။
======