သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီတချို့ မဲဆွယ်ရေး အခက်အခဲ အမေရိကန် တာဝန်ရှိသူတွေနဲ့ ဆွေးနွေး


ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ တချို့နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတဦး မနေ့တုန်းက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ အနာဂတ် နိုင်ငံရေး အခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာပြည်အပေါ် ထားတဲ့ မူဝါဒအကြောင်းကိုလည်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ဝန်ကြီးဌာနက အရာရှိတဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ ပထမအတွင်းဝန်တို့ ၃ ဦးဟာ ရွေးကောက်ပွဲကို ဝင်ကြမယ့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ကိုယ်စားလှယ်တွေကို သံရုံး ယာယီတာဝန်ခံရဲ့ အိမ်မှာ မနေ့တုန်းက တနာရီလောက် တွေ့ဆုံခဲ့ကြတဲ့အကြောင်း UDP ပါတီက အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ရှင်းပြပါတယ်။

“အဓိကတော့ ကျနော်တို့ ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းရင်းရယ်၊ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေရဲ့ အခက်အခဲတွေရယ်၊ နောက် အနာဂတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဘယ်လိုဖြစ်မလဲဆိုတာ ဆွေးနွေးကြတာပါ။ US State Department က Foreign Affair Officer ဆာရာ ဘက်ကလီမိုး၊ သူ့ဌာနက Bureau of Democracy, Human Rights and Labor ဌာနကဆိုတော့ ဒီမိုကရေစီ အကြောင်းကို အဓိကထား ဆွေးနွေးပါတယ်။

“ကျနော်တို့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးမှာ အဟောင်းသွား၊ အသစ်လာဆိုတဲ့ ချက်ချင်း အပြောင်းအလဲတော့ မဖြစ်နိုင်ဘူး။ အခုအခင်းအကျင်းဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့တော့ မပြည့်မီဘူး။ ဒါကိုလည်း ပြည်သူတွေ အားလုံးက ဒီရွေးကောက်ပွဲကိုလည်း ဒီလို စံချိန်စံညွှန်းတွေ မပြည့်မီတဲ့အတွက် စိတ်ဝင်စားမှု အားနည်းတယ်။ ဒါတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။”
အမေရိကန် ယာယီ သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်ဂါကလည်း မြန်မာပြည်ဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒကို ရှင်းပြတယ်လို့ ဆိုပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့၊ နောက်တခုက အားလုံး ပါဝင်ခွင့်ရှိဖို့ သူတို့က နေပြည်တော်မှာရှိတဲ့ အရာရှိတွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့တိုင်း သူတို့က အမြဲတမ်း တိုက်တွန်းပါတယ်တဲ့။ ဒါပေမဲ့ သူတို့ တိုက်တွန်းသလို လွတ်လပ်ပြီး တရားမျှတမှုတွေ နည်းတယ်။ အားလုံး ပါဝင်နိုင်ခွင့်တွေ မရှိဘူး ဆိုရင်လည်း သူတို့က အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် မြန်မာအစိုးရ၊ ဒါမှမဟုတ် အခုလက်ရှိ မြန်မာအစိုးရကို ဆက်ဆံသွားမှာပါတဲ့။ ထိတွေ့ ဆက်ဆံသွားမယ်လို့ ပြောတယ်ဗျ။ သံရုံး ယာယီတာဝန်ခံ လယ်ရီ ဒင်ဂါက ပြောတာ။”

အခုလို အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေ အပါအဝင် အနောက်နိုင်ငံ သံတမန်တွေနဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ မတိုင်ခင် မကြာခဏ တွေ့ဆုံနေမှုတွေဟာ အကျိုးရှိတဲ့ ကိစ္စတွေလို့လည်း ဦးသိန်းတင်အောင်က ဆိုပါတယ်။

“အကျိုးကတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန် အစိုးရ အနေနဲ့ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ အပေါ်မှာ သူတို့ လျစ်လျူရှုထားခြင်း မရှိဘူး။ အသိအမှတ်ပြု လေးစားတယ် ဆိုတဲ့အကြောင်းကို ပြသတာပါ။ ကျနော်တို့ ရွေးကောက်ပွဲ ဝင်ရခြင်း ရည်ရွယ်ချက်ကို သူတို့ နားလည်သွားတယ်ဗျာ။ နောက်တခါ ကျနော်တို့ရဲ့ ရည်မှန်းချက်၊ ဒီမိုကရက်တစ် အပြောင်းအလဲကို ဘယ်လို ဖော်ဆောင်မလဲဆိုတဲ့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို သူတို့ သိသွားတယ်။ အဲဒီအခါကြတော့ ကျနော်တို့ကို အသိအမှတ်ပြုတယ်။ ကျနော်တို့ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို သူတို့ စိတ်ဝင်စားတယ်ပေါ့။”

မနေ့က တွေ့ဆုံခဲ့ကြတဲ့ အထဲမှာ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က အမျိုးသမီးခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ညိမ်းနဲ့ ဒေါ်နေရည်ဗဆွေ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီက ဥက္ကဋ္ဌ ဦးသိန်းဌေးနဲ့ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်တို့ တက်ရောက်ခဲ့ကြတာပါ။

ဒီကနေ့မှာလည်း အဲဒီ အမေရိကန် အရာရှိနဲ့ အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုဦးစီးအဖွဲ့ဝင် ဦးစောနိုင်းနိုင်းတို့နဲ့လည်း တနာရီကျော်ကြာအောင် တွေ့ဆုံခဲ့ပြီး NLD ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ လူမှုရေး လုပ်ငန်းတွေအကြောင်း ဆွေးနွေးခဲ့ကြပါသေးတယ်။

XS
SM
MD
LG