သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရဲ့ မြန်မာအပေါ် အရေးယူမှု သက်တမ်းတိုး


အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု စာရင်းတွင် ပါဝင်သော အေးရှားဝေါ ကုမ္ပဏီပိုင် ရန်ကုန်မြို့ ရှိ အေးရှားဝေါ တာမင်နယ် ဆိပ်ကမ်း။ (ဓါတ်ပုံ - Asia World Company Website)
အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု စာရင်းတွင် ပါဝင်သော အေးရှားဝေါ ကုမ္ပဏီပိုင် ရန်ကုန်မြို့ ရှိ အေးရှားဝေါ တာမင်နယ် ဆိပ်ကမ်း။ (ဓါတ်ပုံ - Asia World Company Website)

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတခုဖြစ်တဲ့ the National Emergencies Act အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေ ကို ပြင်ဆင်ဖြည့်စွက်မှုတွေနဲ့ အတူ သမ္မတ အိုဘားမားက နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှု ဥပဒေပါ အချက်အလက်အချို့ကို ဘဏ္ဍာရေး ဝန်ကြီးဌာန ကနေ ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ခဲ့ပါတယ်။

မူလကရှိတဲ့ ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှု စာရင်းထဲမှာပါတဲ့ Steven Law နဲ့ Asia World ကုမ္ပဏီတို့အပြင်၊ သူတို့အနေနဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်တဲ့ နောက်ထပ် ကုမ္ပဏီ ၆ ခုကို ထပ်တိုးလိုက်ပါတယ်။

ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုစာရင်းထဲကနေ ဖယ်လျှော့လိုက်တဲ့အထဲမှာ အစိုးရပိုင်လုပ်ငန်း ၇ ခုနဲ့ နိုင်ငံပိုင် ဘဏ် သုံးခုတို့ပါဝင်ပါတယ်။ ဖယ်လျှော့ခံရတဲ့ အစိုးရလုပ်ငန်းတွေထဲ မြန်မာသစ်လုပ်ငန်း၊ မြန်မာပုလဲလုပ်ငန်း၊ မြန်မာကျောက်မြတ်ရတနာလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ထုတ်ကုန် သွင်းကုန်လုပ်ငန်းတွေပါဝင်ပြီး၊ ဘဏ်တွေကတော့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ကြပါတယ်။ ဘဏ်လုပ်ငန်းတွေ အတွက် လုပ်ငန်းလိုင်စင် လုပ်ခွင့်ပေးလိုက်တဲ့ ဘဏ်တွေထဲမှာတော့ အင်းဝဘဏ်နဲ့ မြဝတီဘဏ်တို့ပါဝင်ပါတယ်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့အပြောင်းအလဲတွေ မြင်တွေ့လာရပေမယ့်လို့ အုပ်ချုပ်ရေးပိုင်းကို အရပ်ဖက်က လုံး၀ ချုပ်ကိုင်နိုင်ဖို့ အခြေအနေမရှိသေးတာနဲ့ အခြားသော လူ့အခွင့်အရေး အခြေအနေတွေကြောင့် ဒီ ဥပဒေကို ဆက်ပြီး သက်တမ်းတိုးထားရတာဖြစ်တယ်လို့ သမ္မတ အိုဘားမား လက်မှတ်နဲ့ အိမ်ဖြူတော်ရဲ့ အခု မေလ ၁၇ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို အရေးယူမှုဆက်ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ပြန်မလှည့်သွားစေဖို့ မြန်မာအစိုးရနဲ့ရော မြန်မာပြည်သူတွေနဲ့ပါ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း သမ္မတအိုဘားမားက ပြောထားပါတယ်။

ဥပဒေ နောက်ဆက်တွဲပါ လူပုဂ္ဂိုလ်အရ ပစ်ခတ်ထားအရေးယူဒဏ်ခတ်မှု စာရင်းအတော်များများကိုတော့ မူလအတိုင်း ထားရှိပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ပုဂ္ဂိုလ်တဦးချင်းစီကို ဖိအားပေးအရေးယူနေတဲ့ တချိန်တည်းမှာပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးတိုးတက်မှုတွေ အပေါ် ထောက်ခံအားပေးတဲ့အနေနဲ့ အခုလို ဖြေလျှော့မှုအချို့ လုပ်လာတာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ငွေကြေးထောက်လှမ်းမှုဆိုင်ရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Adam J.Szubin က ပြောဆိုသွားတာပါ။

ဒီ အရေးယူဒဏ်ခတ်မှုကို အမေရိကန်အစိုးရလုပ်ပိုင်ခွင့်နဲ့ နှစ်စဉ် သက်တမ်းတိုး ဆောင်ရွက်နေတာဖြစ်ပြီး၊ ဒီတကြိမ်မှာတော့ မကြာခင်လာမယ့် စနေနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံ လာရောက်မယ့် အချိန်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။

အခုလို အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်မှု စာရင်း ပြင်ဆင်ဖြည့်စွက်မှုတွေနဲ့ပတ်သက်လို့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ဗွီအိုအေ မြန်မာပိုင်း အောက်ပါ link မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှု ပြင်ဆင်မွမ်းမံချက်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG