သုံးရလွယ်ကူစေသည့် Link များ

ကန်စီးပွားရေး အဖွဲ့တွေရဲ့ တိုက်တွန်းချက် မြန်မာသံရုံးကြိုဆို


ဝါရှင်တန်ဒီစီ မြန်မာသံရုံး

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ပြီး ဒဏ်ခတ်အရေးယူမှုတွေကို နောက်ထပ် သက်တမ်းထပ်မတိုးဖို့ အမေရိကန် စီးပွားရေး အဖွဲ့အစည်းကြီး ၅ ခုက အမေရိကန်အစိုးရကို ပြီးခဲ့တဲ့လက တိုက်တွန်း တောင်းဆိုခဲ့တာနဲ့ ပတ်သက်လို့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးက ကြိုဆိုကြောင်း တုံ့ပြန်ထားပါတယ်။

၁၉၉၇ ခုနှစ်ကတည်းက စတင်ချမှတ်လာခဲ့တဲ့ IEEPA လို့ခေါ်တဲ့ သမ္မတအမိန့်နဲ့ ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အက်ဥပဒေအရ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုတွေ လာမယ့် မေလ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ဒီအရေးယူမှုတွေကို သက်တမ်း ထပ်မတိုးဖို့ အမေရိကန် စီးပွားရေးအသိုက်အ၀န်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတွေထံကို လိပ်မူပြီး စာရေးသား တိုက်တွန်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တာ အပါအ၀င် နိုင်ငံရေးအရ ဖြစ်ထွန်းတိုးတက်မှုတွေဟာ အားရစရာဖြစ်တယ်လို့ ဆိုပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးပုံမှန် ပြန်ဖြစ်စေနိုင်မယ့် လုပ်ငန်းစဉ်တွေ တိုးမြင့် ဆောင်ရွက် သင့်တယ်လို့ အမေရိကန်စီးပွားရေး အဖွဲ့အစည်းကြီး ၅ ခုက ပြောနေ တာပါ။

နှစ်နိုင်ငံ ဆက်ဆံရေး အပြည့်အ၀ ပုံမှန် ပြန်ဖြစ်လာဖို့၊ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံတွင်း ရင်နှီးမြှုပ်နှံမှုတွေနဲ့ နှစ်ဘက် စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတော့ အပြန်အလှန် လုပ်ကိုင်နိုင်အောင်၊ မြန်မာ့စီးပွားရေး လုပ်ငန်းတွေ တိုးတက်လာအောင် အမေရိကန်ဘက်က အကူအညီတွေ ပေးနိုင်ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြီးတိုင် ရုပ်သိမ်းဖို့ အမေရိကန် စီးပွားရေး အသိုက်အ၀န်းက တိုက်တွန်းနေတာဖြစ်ပါတယ်။

XS
SM
MD
LG