မြန်မာနိုင်ငံသားတွေ အတွက် အမေရိကန် အမြဲတမ်း အခြေချခွင့် ပြည်ဝင်ခွင့် ဗီဇာ ပိတ်မယ့် သမ္မတ Donald Trump ရဲ့ ညွှန်ကြားချက်ကြောင့် အမေရိကန် အလည်အပတ် ခရီးသွားမယ့် မြန်မာ ဈေးကွက် အပေါ်မှာ ထိခိုက်မှု မရှိနိုင်ဘူးလို့ ခရီးသွား လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။ အမေရိကန် အလည်အပတ် ခရီးစဉ်တွေ အတွက် မြန်မာနိုင်ငံတွင်းမှာ ခိုင်မာတဲ့ ဈေးကွက် ရှိနေပေမယ့်လည်း စီးပွားရေး အကျိုးအမြတ် အရ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သူ နည်းနေသေးတယ်လို့ သုံးသပ်တဲ့ အမေရိကန် ခရီးစဉ်တွေ စီစဉ်နေသူ ကိုသန်းထွဋ်အောင်နဲ့ ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိဂီ ၤထိုက် တင်ပြထားပါတယ်။
ကိုသန်းထွဋ်အောင် ။ ။ ပတ်ဝန်းကျင် နိုင်ငံမှာ ဆိုရင်တော့ ထိုင်းတို့ နောက်ပြီးတော့ ဗီယက်နမ်တို့ကို သွားကြတယ်ပေါ့နော်။ ဗီယက်နမ်တို့ ဆိုရင် Tour Group နဲ့ သွားတာ များတယ်။ ထိုင်းဆိုရင် အခုဆိုရင် ကိုယ့်ဘာသာ သွားကြတာ များတယ်ပေါ့။ ဂျပန်တို့ ကိုရီးယားတို့လည်း သွားတာ များတယ်။ ဒီ အာရှတိုက် အပြင်ဘက်မှာ ဆိုရင်တော့ ဥရောပ တို့ ဘာတို့ သွားတာ များတယ်။
မသိင်္ဂ ီထိုက် ။ ။ အမေရိကန် ပြည်ထောင်စုကို လာတဲ့ နှုန်းကရော အရင်တုန်းကနဲ့ အခု အခြေအနေနဲ့ စာရင် အမေရိကန် ပြည်ထောင်စုကို သွားဖို့ လာလည်ဖို့ စိတ်ဝင်စားတဲ့ သူတွေ ရှိပါလား။
ကိုသန်းထွဋ်အောင် ။ ။ အမေရိကန် ဆိုတဲ့ နိုင်ငံကို သွားတဲ့ သူတွေကတော့ အမြဲတမ်းတော့ ရှိနေတာဘဲပေါ့နော်။ သို့သော် ကျနော်တို့ ဒီ Package Tour လုပ်တဲ့သူတွေ ဈေးကွက်ထဲမှာ ဆိုရင်တော့ ဥရောပကို သွားတဲ့ လူဦးရေက ပိုပြီး များပါတယ်။ အမေရိကန် ပြည်ထောင်စု သွားတဲ့ သူတွေထက်။
မသိင်္ဂ ီထိုက် ။ ။ နောက်တခုက အမေရိကန် ပြည်ထောင်စုကို လာမယ် ဆိုရင် ဒီ Tour တွေ ပေါ့နော် ခရီးသွား အစီအစဉ်တွေ စီစဉ်တဲ့ အခါမှာ ဗီဇာယူရတဲ့ အခါမှာရော လွယ်ပါသလားရှင့်။
ကိုသန်းထွဋ်အောင် ။ ။ ဗီဇာက ရတဲ့သူ ရတယ်။ မရတဲ့သူလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် အများစုကတော့ ရကြပါတယ်။
မသိင်္ဂ ီထိုက် ။ ။ ပြီးခဲ့တဲ့ နှစ်ကရော အခြေအနေ ဘယ်လို ရှိပါလဲ။ ဘယ်လောက် ရာခိုင်နှုန်းလောက် ရပါသလဲရှင့်။
ကိုသန်းထွဋ်အောင် ။ ။ ကျနော်တို့ Tour နဲ့ ပြီးခဲ့တဲ့နှစ်က သွားခဲ့တဲ့သူတွေထဲမှာ ကြည့်လိုက်မယ် ဆိုရင်တော့ အားလုံးနီးပါးလောက်က ရကြတယ်။
မသိင်္ဂ ီထိုက် ။ ။ အမေရိကန် ပြည်ထောင်စု ဘက်ကို ခရီးစဉ်တွေ စီစဉ်တဲ့ အခါမှာ မပြန်ဘဲနဲ့ အမေရိကန် ပြည်ထောင်စု အတွင်းမှာ နေခဲ့တဲ့ ကျန်ခဲ့တဲ့ လူတွေရော တွေ့ရ ကြုံရတာ ရှိပါသလားရှင့်။
ကိုသန်းထွဋ်အောင် ။ ။ အဲဒါကတော့ ကျနော်တို့ ဈေးကွက်ထဲမှာ အမြဲတမ်း ကြားနေရတယ်ပေါ့နော်။ ဒါပေမယ်လို့ အရင့် အရင်ထက် စာရင်တော့ အခုတော့ နည်းသွားပြီလို့တော့ ထင်ပါတယ်။
မသိင်္ဂ ီထိုက် ။ ။ Tour တွေ စီစဉ်တဲ့ အခါမှာ အမေရိကန် အထူးသဖြင့် အနောက်နိုင်ငံ အမေရိကန် အထူးသဖြင့်ပေါ့နော် Tour တွေ စီစဉ်တဲ့ အခါမှာ လိုက်မယ့်သူတွေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရတာမျိုး ပြောထားတာမျိုး ဆွေးနွေး ထားတာမျိုးတွေရော ရှိပါသလား။
ကိုသန်းထွဋ်အောင် ။ ။ အဲလိုမျိုး မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အလည်သက်သက် သွားချင်တဲ့ သူတွေဘဲ ကျနော်တို့ Tour ကိုဘဲ Join ရမယ်ဆိုတာကတော့ ပြောပြီးသားပေါ့။ တချို့တွေ ရောက်တော့လည်း ကျနော်တို့ကို အမှန်အတိုင်း မပြောပြတာလည်း ရှိတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် ကိုပေါ့နော်၊ သွားမယ့် ရည်ရွယ်ချက်ကို။ အဲတော့ ဘာလုပ်ရလဲ ဆိုတော့ ကျနော်တို့ ကိုယ့်ဘာသာကိုယ်လည်း သူတို့ လာပြတဲ့ စာရွက်စာတမ်းပေါ် မူတည်ပြီးတော့ တချက်တော့ စိစစ်ရသေးတယ်။ ဗီဇာမတင်ခင် ပေါ့နော်။ ဒီလူရဲ့ အခြေအနေဟာ ဟိုမှာ ခရီးစဉ် ပြီးရင် ပြန်လာမလား၊ ဒါမှမဟုတ် ဟိုမှာ နေခဲ့နိုင်ခြေ ရှိလားဆိုတာကို အမြဲတမ်း စစ်ရပါတယ်။
မသိင်္ဂ ီထိုက် ။ ။ အမေရိကန် ပြည်ထောင်စုကို အလည်အပတ် ခရီးစဉ်တွေ စီစဉ်တဲ့ အခါမှာ စီစဉ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ကိုယ်တိုင် လျှောက်ပေးရတာလား။ ပြည်ဝင်ခွင့် လျှောက်တဲ့ အခါရောက်တော့လေ။
ကိုသန်းထွဋ်အောင် ။ ။ အဲဒါတော့ အားလုံး ကိုယ်တိုင်ဘဲ သံရုံးကို အင်တာဗျူး သွားပြီးတော့ ဗီဇာကိုင်တဲ့ အရာရှိ နဲ့ပေါ့နော် သူတို့ ကိုယ်တိုင် အင်တာဗျူး လုပ်ပြီးတော့မှ သံရုံးက ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင် ဗီဇာ ရတယ် မရဘူးဆိုတာ သိရတာပေါ့နော်။
မသိင်္ဂ ီထိုက် ။ ။ တကယ်လို့ အမေရိကန် ပြည်ထောင်စုမှာ အလည်အပတ် ဗီဇာနဲ့ လာပြီးတော့ တယောက်ယောက်က နေခဲ့မယ် ဆိုရင်ရော ခရီးသွား လုပ်ငန်း လုပ်ပေးတဲ့ ကုမ္ပဏီတွေမှာ ထိခိုက်မှု ရှိပါသလားရှင်။
ကိုသန်းထွဋ်အောင် ။ ။ ကျနော့် အထင်တော့ ရှိမယ်လို့တော့ မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေ အားလုံးက သံရုံးက သူတို့ ကိုယ်တိုင်ကလည်း စိစစ်ပြီးတော့မှ မနေခဲ့ဘူးလို့ ယုံကြည်လို့ သူတို့ ဗီဇာ ချပေးခဲ့တာပေါ့နော်။ ခရီးသွား ကုမ္ပဏီတွေ ဘက်ကလည်း ကိုယ့်မှာ တာဝန်မရှိဘူးဆိုပြီးတော့ ဒီတိုင်း လာသမျှ ဧည့်သည်ကို လက်ခံဖို့တော့ မသင့်တော်ဘူးလို့တော့ ထင်တယ်။ ဒီဘက်က ခရီးသွား ကုမ္ပဏီကလည်း တတ်နိုင်သလောက် စိစစ်ပေးသင့်တယ်ပေါ့နော်။ ပြီးတော့မှ ဒီ ဧည့်သည် ခရီးသည် လက်ခံသင့် လက်မခံသင့် ဆိုတာ ဆုံးဖြတ်ရမယ်လို့တော့ ထင်ပါတယ်။
မသိင်္ဂ ီထိုက် ။ ။ အခု လောလောဆယ်ရော မြန်မာနိုင်ငံတွင်းကနေ အမေရိကန် ပြည်ထောင်စုကို သွားတဲ့ ခရီးစဉ်တွေ သွားတဲ့နှုန်း ဘယ်လောက် ရှိပါလဲရှင့်။
ကိုသန်းထွဋ်အောင် ။ ။ အမေရိကန်ရဲ့ ဂုဏ် အရှိန်အဝါကြောင့် ပေါ့နော် သွားတဲ့သူကတော့ အမြဲဘဲ ရှိတယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ပေါ့နော် ဈေးကွက်ကြောင့်လည်း ပါကောင်းပါမယ် ဥရောပတို့ တခြားနိုင်ငံတွေကို သွားတာက ပိုပြီး များတယ်။ ဒါကလည်း ခရီးသည်က သွားချင်တယ် မသွားချင်ဘူး ဆိုတာထက် ခရီးစဉ်တွေ စီစဉ်တဲ့ ကုမ္ပဏီတွေ ဘက်ကလည်း အမေရိက ခရီးစဉ်တွေမှာ ရင်းနှီးမြှုပ်နှံတာ နည်းနည်း နည်းသေးတယ်လို့ ကျနော် မြင်တယ်။
မသိင်္ဂ ီထိုက် ။ ။ ကုန်ကျစာရိတ်ကြောင့်လား။ ဘယ်လို အကြောင်းတွေ ကြောင့်ပါလဲရှင့်။
ကိုသန်းထွဋ်အောင် ။ ။ ကုန်ကျစာရိတ်ကြောင့်လည်း ပါတယ်။ အဓိကက ကျနော်ထင်တာပေါ့နော် အရင်းနဲ့ အမြတ်နဲ့ တွက်မယ်ဆိုရင် တခြားနိုင်ငံကို စီစဉ်ရတာ ပိုပြီးတော့ ကိုက်မယ်လို့ ထင်လို့ အမေရိကန်ကို သွားတဲ့ ခရီးစဉ်တွေ နည်းတယ်လို့ ကျနော် ယူဆတယ်။
မသိင်္ဂ ီထိုက် ။ ။ ပြီးခဲ့တဲ့ နှစ်ကတော့ အမေရိကန် Package Tour တွေ ၂ခု ၃ ခု စီစဉ်ခဲ့တယ်ဆိုတော့ ဒီနှစ်ထဲမှာရော အဲဒါမျိုး အစီအစဉ်တွေ ရှိသေးလား။
ကိုသန်းထွဋ်အောင် ။ ။ ရှိပါတယ်။ ကျနော်က နှစ်စဉ်နှစ်တိုင်း အမေရိကကို သွားတဲ့ Tour Package တွေကို စီစဉ်နေပါတယ်။
မသိင်္ဂ ီထိုက် ။ ။ နောက်တခုက ဥရောပ နိုင်ငံတွေ ဘက်မှာရော မပြန်တော့ဘဲနဲ့ နေခဲ့တယ်ဆိုတဲ့ အလေ့အထမျိုး ရှိပါသလား။
ကိုသန်းထွဋ်အောင် ။ ။ ကြားတာကတော့ အမြဲတမ်း ကြားနေရတာပေါ့နော်။ ကျနော့် အတွေ့အကြုံ အရတော့ ဥရောပမှာ အဲလို နေခဲ့တာမျိုး တယောက်မှတော့ မရှိခဲ့ဖူးဘူး။ သို့သော် ကြားဖူးနေတယ်။ အဲလိုမျိုးကတော့ ရှိတာဘဲ။ ဥရောပလို နိုင်ငံမျိုး မပြောနဲ့ တချို့ဒီ အာရှတိုက် နိုင်ငံတွင်းမှာတောင်မှ နေခဲ့တယ်ဆိုတာ ကျနော် ဈေးကွက်ထဲမှာ အမြဲတမ်း ကြားနေရပါတယ်။
(Unicode)