သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို


နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃)
နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃)
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတဝှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့လူမျိုးရေးအခြေခံ အကြမ်းဖက်မှုတွေအပေါ်မှာ မနေ့တုန်းက သမ္မတဦးသိန်းစိန်က နိုင်ငံတဝှမ်းကို မိန့်ခွန်းပြောကြားသွားတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခြေခံ အားဖြင့် ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာတော့ လူ့အခွင့်အရေးအခြေခံတွေကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းတဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

“ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့သမတထံကနေ ကြားရဖို့ လိုအပ်တဲ့ စကားမျိုးပါ။ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှုရဖို့ အစိုးရ ကြိုးပမ်းချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးနေပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ဥပဒေအတိုင်း ညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်ရှိလာရင်၊ အင်အားသုံးဖြေရှင်းနည်းကို နောက်ဆုံးအခြေအနေကျမှ အသုံးပြုမယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုတာကို သတိပြုမိပါတယ်။ လုံခြုံရေးအရ ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဖို့လိုမယ်ဆိုတာကို ကျမတို့ ထပ်ပြီး ထောက်ပြလိုပါတယ်။ ”

မိတ္တီလာမြို့ကနေ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဒေသအချို့အထိ ကူးစက်ပျံနှံသွားတာကြောင့် အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က သမ္မတဦးသိန်းစိန် နိုင်ငံတဝှမ်း မိန့်ခွန်းပြောတဲ့နောက်ပိုင်းမှာတော့ အခြေအနေတွေဟာ အတော်လေး တည်ငြိမ်လာသလို၊ အကြမ်းဖက်ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း လူမှုအဖွဲ့အစည်းတွေက စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်အပါအဝင် နယ်အတော်များများမှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားဆဲပါ။ ဖြစ်ခဲ့တဲ့နေရာတွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတုန်းပါပဲ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားကလည်း အကြမ်းဖက်မှုတွေ အခြားမြို့တွေကိုပါ ကူးစက်မှုမဖြစ်အောင် အရေးယူကိုင်တွယ်မှုတွေ အလျင်အမြန်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့လည်း တိုက်တွန်းပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကိုလည်း မစ္စတာကင်တာနားက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတဝှမ်းမှာရှိတဲ့ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံဆော်တဲ့ လူအုပ်စုတွေကို အစိုးရအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးလို့ မစ္စတာကင်တာနားက ဝေဖန် ထားပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဘာသာရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရအပြင် လွှတ်တော်ပိုင်း၊ တရားရေးပိုင်း၊ အမျိုးသားလူအခွင့်အရေးကော်မရှင်တို့အနေနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
XS
SM
MD
LG