အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်သစ်တွေကို ဒီကနေ့ စတင်မှာဖြစ်ပါတယ်။ အိမ်ဖြူတော်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တွေမှာ Republican တွေ ၂ နှစ်ကြာ လွှမ်းမိုးခဲ့ပေမဲ့ အခုတော့ အောက်လွှတ်တော်မှာ Democrat တွေကအများစု လွှမ်းမိုးတော့မှာဖြစ်ပါတယ်။
နိုဝင်ဘာလက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတုန်းက အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာမှာ Democrat အမတ်တွေက ၂၃၅ နေရာ အနိုင်ရခဲ့ပါတယ်။ အထက်လွှတ်တော်မှာတော့ Republican အမတ် ၂ ယောက်ထပ်နိုင်ခဲ့တာမို့ Republican က ၅၃ ယောက် Democrat က ၄၇ ယောက်နဲ့ Republican တွေက အများစုနေရာဆက်ဖြစ်နေပါတယ်။
California ပြည်နယ် Democrat အမတ် Nancy Pelosi ကအောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရမယ်လို့ မျှော်လင့်ရပါတယ်။ ဖြစ်လာခဲ့ရင် သူဟာ ပထမဆုံးအမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်မှာပါ။
အခုတခေါက်လွှတ်တော်မှာ ထူးထူးခြားခြားအဖြစ် ပထမဆုံး Muslim အမျိုးသမီးအမတ် ၂ ယောက်၊ ပထမဆုံး အမေရိကန် ဌာနေတိုင်းရင်းသား အမျိုးသမီးအမတ် ၂ ယောက်၊ အသက်အငယ်ဆုံး အမျိုးသမီးအမတ် ၁ ယောက်တို့ ပါဝင်လာပါတယ်။ ဒါ့အပြင် လိင်ဝိသေသကွဲပြားသူ LGBTQ ၁၀ ယောက်လည်း လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာပါတယ်။ အမျိုးသမီးကိုယ်စားလှယ်တွေကတော့ အောက်လွှတ်တော်မှာ ၁၀၂ ယောက် အထက်လွှတ်တော်မှာ ၂၅ ယောက်ဖြစ်ပါတယ်။ ဒီကနေ့ပြန်လည်စတင်မယ့် လွှတ်တော်အတွက် အရေးတကြီးဖြေရှင်းစရာ စိန်ခေါ်မှုကတော့ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းထားရတာကို ပြန်ဖွင့်နိုင်အောင် ယာယီအသုံးစရိတ်ကိစ္စ ညှိုနှိုင်းအတည်ပြုဖို့ဖြစ်ပါတယ်။