သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Hampshire ပြည်နယ် ပဏာမရွေးကောက်ပွဲ စံချိန်တင် မဲပေးခဲ့ကြ


2016 Election New Hampshire Votes
2016 Election New Hampshire Votes

New Hampshire ပြည်နယ်မှာ ကျင်းပတဲ့ သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှု မဲပေးမှုတွေမှာ မဲရုံအတော်များများ ပိတ်သွားပြီဖြစ်တဲ့အတွက် ဘယ်သူအနိုင်ရတယ်ဆိုတဲ့ အဖြေလည်း မကြာခင် သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။ မဲပေးပြီး ပြန်ထွက်လာသူတွေထံက ကောက်ယူထားတဲ့ စစ်တမ်းတွေဟာ တဖြည်းဖြည်း ထွက်လာနေပေမဲ့လည်း မဲပေးသူအရေအတွက်ဟာ စံချိန်တင် များပြားတာကြောင့် မဲရုံစုစုပေါင်းရဲ့ ၂၀% လောက်ဟာ မဲရုံပိတ်ချိန် ည ၇ နာရီထက်ကျော်ပြီး ည ၈ နာရီအထိ ဖွင့်ပေးထားပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်ပါတီတွေကို ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် သမ္မတကိုယ်စားလှယ်လောင်းတွေကို အမည် တင်သွင်းဖို့အတွက် ပြည်နယ်က ဦးဆောင်ပြုလုပ်တဲ့ ပါတီတွင်း ရွေးချယ်မှုအတွက် မဲပေးကြဖို့ New Hampshire ပြည်နယ်သားတွေ အင်္ဂါနေ့က လူတန်းရှည်ကြီးကြားမှာ စောင့်ဆိုင်းခဲ့ကြရတာပါ။

ပြည်နယ်အတွင်းက အကြီးဆုံးမြို့ဖြစ်တဲ့ Manchester မြို့ခံတွေဟာ အေးချမ်းတဲ့ ရာသီဥတုကြားမှာ သူတို့ နှစ်သက်ရာ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့ကြတဲ့အကြောင်း ပြန်ပြောပြကြပါတယ်။

လွန်ခဲ့တဲ့ရက်တုန်းက New Hampshire ပြည်တဝှမ်း နှင်းတွေ ၈ လက်မလောက် ကျခဲ့တာကြောင့် တချို့နေရာတွေမှာ သွားလာရေး အခက်အခဲတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မဲရုံတွေကို မနက် ၁၁ နာရီနဲ့ ည ၇ နာရီအကြား ဖွင့်ထားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါဇင်နဲ့ချီတဲ့ မဲရုံတွေဟာ သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး မဲရုံတွေကို ဖွင့်ပေးခဲ့ကြသလို တချို့ မဲရုံတွေဟာလည်း သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ပိတ်မယ့် အလားအလာ ရှိနေပါတယ်။ ပြည်နယ်အတွင်းက ပထမဆုံး မဲပေးမှုတွေကိုတော့ Dixville ဆိုတဲ့ မြို့အသေးလေးမှာ စတင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမြို့လေးက ရရှိမယ့် ကိုယ်စားလှယ်အရေအတွက် ၄ ဦးစလုံးကို Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders က အနိုင်ရရှိသွားပြီး ရီပတ်ဘလစ်ကန်ဘက်မှာတော့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich က ဘီလီယံနာသူဌေးကြီး Donald Trump ထက် အနဲငယ်သာပြီး ကိုယ်စားလှယ်အရေအတွက် ၃ ဦး ၂ ဦးနဲ့ အနိုင်ရရှိထားပါတယ်။

Bernie Sanders ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပေါ် ရနေတဲ့ အသာစီးက လျော့လာတာ တွေ့ရပေမယ့်လည်း အတော်လေး ကွာနေဆဲ ရှိနေတာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံရေးစံနစ်အရ သမ္မတလောင်းတွေအနေနဲ့ Caucus လို့ခေါ်တဲ့ ပါတီတွင်းနဲ့ Primary လို့ခေါ်တဲ့ ပြည်နယ်က ဦးဆောင်ကျင်းပတဲ့ ပါတီတွင်း ရေးချယ်မှုတွေမှာ ပြည်နယ်တခုချင်းစီအတွက် သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်တွေ အနိုင်ရအောင် ယှဉ်ပြိုင်ကြရတာဖြစ်ပေမယ့် ပါတီတခုနဲ့ တခု ပြည်နယ်တခုချင်းစီမှာ သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်အရေအတွက်ဟာ မတူညီပါဘူး။

ဒီမိုကရက်တစ်ပါတီအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုယ်စားလှယ်စုစုပေါင်း ၄,၇၆၃ ဦး ရှိတဲ့အထဲက သမ္မတလောင်းအဖြစ် ပါတီကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့အတွက် ကိုယ်စားလှယ် အရေအတွက် ၂,၃၈၂ ဦး အနိုင်ရဖို့ လိုပါတယ်။ ရီပတ်ဘလီကန် ပါတီဖက်မှာတော့ ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၂,၄၇၂ ဦးရှိတဲ့အထဲက ပါတီကိုယ်စားပြု ဝင်ပြိုင်နိုင်ဖို့အတွက် ကိုယ်စားလှယ်ပေါင်း ၁,၂၃၇ ဦး အနိုင်ရရှိဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG