သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေး အရာရှိတွေ NLD လူမှုရေးနဲ့ ရှေ့လုပ်ငန်းစဉ် စနည်းနာ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ခေါင်းဆောင် ၂ ဦးနဲ့ အမေရိကန် ပြည်ထောင်စုက လူမှုကူညီရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ NGOs အဖွဲ့ ကိုယ်စားလှယ်တချို့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံကြပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေတွေ အောက်မှာ NLD ပါတီ အနေနဲ့ ဘယ်လို ရပ်တည်သွားမလဲ ဆိုတာနဲ့ NLD ရဲ့ လူမှုရေး ဆောင်ရွက်မှုတွေကို အကူအညီတွေ ပေးနိုင်ရေး ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ယာယီတာဝန်ခံရဲ့ အိမ်မှာ NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုဦးစီးအဖွဲ့ဝင် ဦးစောနိုင်းနိုင်းတို့ ဒီကနေ့ နေလယ်ပိုင်းက အချိန်တနာရီကျော်ကြာ တွေ့ဆုံခဲ့ကြတာပါ။ မြန်မာပြည်ကို ခဏရောက်နေကြတဲ့ အမေရိကန်ဘက်က လူမှုရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ NGO အဖွဲ့က ကိုယ်စားလှယ်တွေ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အမှုထမ်းခဲ့ဖူးသူတွေ၊ ရှေ့နေတွေ၊ ပညာရေး လောကမှာ တာဝန်ထမ်းခဲ့ဖူးတဲ့ ကိုယ်စားလှယ်တွေက NLD အဖွဲ့ရဲ့ လက်ရှိ အခြေအနေတွေကို မေးမြန်းခဲ့ကြတယ်လို့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ရှင်းပြပါတယ်။

“ကျနော်တို့အဖွဲ့ အနေနဲ့ မှတ်ပုံတင်တာလည်း မရှိဘူး၊ မလုပ်ဘူးပေါ့ဗျာ၊ ပြီးတော့ ရွေးကောက်ပွဲလည်း မဝင်ဘူးပေါ့။ မကြာသေးခင်က သတင်းစာတွေရဲ့ ရေးသားချက်အရ ကျနော်တို့အဖွဲ့က ဖျက်သိမ်းပြီးပြီလား၊ ဘာလား ဆိုပြီးတော့ သူတို့သိချင်တဲ့ သဘောနဲ့ မေးတယ်ဗျာ။ ကျနော်တို့ကတော့ ဒါတွေနဲ့ ပတ်သက်လို့ ဘာမှ အံ့သြစရာလည်း မရှိပါဘူး။ ဘာမှ ထိခိုက်စရာလည်း မရှိပါဘူး။

“NLD က တောက်လျှောက် ၈၈-၈၉ ကတည်းက အဖွဲ့ရယ်လို့ ဖြစ်လာပြီးနောက် တခါမှ ကျနော်တို့ လွတ်လွတ်လပ်လပ် လုပ်ခွင့် မရှိတာတွေ၊ တားဆီးတာတွေ အမျိုးစုံပေါ့၊ အဲဒါတွေ အကျဉ်းပြောလိုက်ပြီး နောက်ဆုံး ဒီပဲယင်းမှာစပြီး ဒီနေ့အထိ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်ကနေ အကျဉ်းချတဲ့အထိ လုပ်တယ်ဆိုတဲ့ ချုပ်ချယ်မှုတွေ၊ တားဆီးမှုတွေ၊ ကန့်သတ်မှုတွေ ဒါတွေကို အကျဉ်းချုပ် ရှင်းပြပြီးတဲ့နောက် ကျနော်တို့ အဖို့ကတော့ အရင်ကတည်းက အောက်ခြေ ပါတီအဖွဲ့အစည်းတွေလည်း ဒီလိုပဲ၊ ရပ်ဆိုင်းလိုက်၊ တခါ ပြန်ပြီး ကျနော်တို့က ဆိုင်းဘုတ်တင် လုပ်လိုက်၊ အဖွဲ့ချုပ်ကိုလည်း ချိပ်ပိတ်လိုက်၊ ကျနော်တို့က ကျန်တဲ့လူတွေနဲ့ လုပ်လိုက်၊ အဲတော့ ကျနော်တို့မှာ ကျင့်သားရနေပါပြီလို့။

“အဲတော့ ဒါတွေ ကျနော်တို့က ဂရုလည်း မစိုက်တော့ပါဘူး။ ဒီအတိုင်းပဲ အဖွဲ့ချုပ်က ရှိတယ်လို့ မှတ်ယူပြီးတော့ ဥပဒေ ဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်၊ အဲဒါတွေ ကျနော်တို့ လုပ်စရာရှိတာ အကုန်လုပ်နေပါတယ်လို့။”

နိုင်ငံရေးပါတီ အဖြစ်ကနေ ရပ်နားပြီး လူမှုရေးလုပ်ငန်း တွေကိုပဲ အဓိကထား ဆောင်ရွက်နေတဲ့ NLD ရဲ့ လုပ်ငန်းတွေကို ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးတင်ဦးက ရှင်းပြပါတယ်။

“သူတို့ကတော့ ထောက်ပံ့ချင်တဲ့၊ ကူညီချင်တဲ့ သဘောပေါ့။ အဲတော့ ကူညီနိုင်တဲ့ အနေအထားဖြစ်အောင် ဘယ်လို ဆောင်ရွက်ကြနိုင်မလဲ ဆိုတာလေးတွေ အပေါ်မှာ အာရုံပြုပြီး မေးကြတာပေါ့။ ဥပမာ NGO လုပ်ရင် ဖြစ်မလား၊ ဒီလိုဟာလေးတွေပေါ့ဗျာ။”

NLD ခေါင်းဆောင်ပိုင်းနဲ့ အနောက်တိုင်း သံတမန်တွေ မကြာခဏ တွေ့ဆုံပြီး လက်ရှိအခြေအနေနဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို ဆွေးနွေးကြတာတွေ ရှိပေမဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေက သံတမန်တွေနဲ့ တခြား ကိုယ်စားလှယ်တွေဟာ NLD နဲ့ အဆက်အဆံ မရှိသလောက် နည်းပါးပါတယ်။ NLD ကတော့ အိမ်နီးချင်း တိုင်းပြည်က သံတမန်တွေနဲ့ တွေ့ဆုံချင်နေတာလို့ ဆိုပါတယ်။

“အာဆီယံကလူတွေ လာရင်လည်း တွေ့မယ်။ တရုတ်လာရင်လည်း တွေ့မယ်၊ တရုတ်လည်း တွေ့ချင်တယ်၊ ကြိုးစားမယ်။ ဒါဟာ Diplomatic Challenge၊ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ပတ်သက်လို့ ချစ်ကြည်ရေးနဲ့ လေးစားမှုကို အမြဲလုပ်မယ်။”

NLD ပါတီက ခေါင်းဆောင်တွေဟာ အခုလောလောဆယ် မြန်မာပြည် အနှံ့အပြားကို သွားပြီး သူတို့ရဲ့ပါတီ အောက်ခြေအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုတွေ ရှိနေသလို လူမှုရေးဆိုင်ရာ ကူညီမှုတွေ၊ တရားဥပဒေရေးရာ ကူညီမှုတွေလည်း လုပ်ဆောင်နေပါတယ်။ ပါတီအဖြစ် တရားဝင် ရှိနေတုန်းကတော့ NLD ရဲ့ လှုပ်ရှားမှုတွေကို စစ်အစိုးရ အာဏာပိုင်တွေဘက်က မျက်ခြည်မပြတ် စောင့်ကြည့်တာတွေ၊ သတိပေး ခြိမ်းခြောက်တာမျိုးတွေ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်း NLD ရဲ့ လှုပ်ရှားမှုတွေမှာတော့ အာဏာပိုင်တွေဘက်က ဘာအန္တရာယ်မှ ပေးတာမျိုးတွေ၊ စောင့်ကြည့်တာ၊ ခြိမ်းခြောက်တာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG