သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခြိမ်းခြောက်မှု ကြီးကြီးမားမား စိုးရိမ်စရာမရှိဟု ကန်နိုင်ငံခြားရေးဝန်ကြီး ပြော


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson

အမေရိကန် ပြည်ထောင်စုရဲ့ နျူးကလီးယား အင်အားက အရင်ကာလတွေနဲ့စာရင် ပိုပြီး အားကောင်း၊ ပိုပြီးတော့ အစွမ်းထက်နေတယ်လို့ အမေရိကန် သမ္မတ Donald Trump က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ အပြန်အလှန် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ပြောဆိုနေကြတာပါ။ သမ္မတအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်တာဝန်ယူခဲ့ချိန်မှာ ပထမဆုံး ညွှန်ကြားချက်က နိုင်ငံရဲ့ နျူကလီးယား အင်အားကို ခေတ်မီ ဆန်းသစ်အောင် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်း တွစ်တာ လူမှုကွန်ယက်မှာ သမ္မတက ရေးသားခဲ့တာပါ။ ဒီစွမ်းအင်ကို ဘယ်တော့မှ ထုတ်သုံးစရာ မလိုဖို့ မျှော်လင့်တယ်လို့ သမ္မတ Trump က ပြောဆိုပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး မဟုတ်ဘူးဆိုတဲ့ ကာလ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့ သမ္မတက ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု ပိုင်နက် Guam ကျွန်းတခုလုံးကို မီးမြိုှက်ပစ်မယ့် အစီအစဉ်ကို ဆန်းစစ်နေတယ်လို့ မြောက်ကိုရီးယား အစိုးရဘက်က ပြောဆိုနေပေမယ့်လည်း ပစိဖိတ် သမုဒ္ဒရာ အတွင်းက Guam ကျွန်းအပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေက ကြီးကြီးမားမား စိုးရိမ်စရာ မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ Guam ကျွန်းကို သွားရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ မြောက်ကိုရီးယား အစိုးရကြား ပြင်းပြင်းထန်ထန် အတုံ့အလှယ် ပြောဆိုခဲ့ကြပြီး နောက်တနေ့မှာဘဲ ဒီအခြေအနေတွေ ဖြစ်ထွန်းလာတာပါ။ မြောက်ကိုရီးယားဘက်က အမေရိကန် ပြည်ထောင်စုကို ဆက်ပြီး ခြိမ်းခြောက်နေဦးမယ်ဆိုရင်တော့ ကမ္ဘာမှာ တခါမှ မကြုံဖူးတဲ့ အခြေအနေမျိုးနဲ့ မီးကုန်ယမ်းကုန် တုံ့ပြန်မှုမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ မနေ့ အင်္ဂါနေ့ကဘဲ အမေရိကန် သမ္မတ Doanld Trump က သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပစိဖိတ် သမုဒ္ဒရာ အတွင်းက မဟာဗျူဟာ အရ အရေးပါတဲ့ Guam ကျွန်း တခုလုံးကို တိုက်ခိုက် မီးမြှိုက်ပစ်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားဘက်က ချပြလိုက်ပြီးနောက်မှာတော့ အမေရိကန် ပိုင်နက် Guam ဟာ ဘေးကင်းလုံခြုံမှု ရှိပါတယ်ဆိုတာကိုရွေးကောက်တင်မြှောက်ခံထားရတဲ့ တာဝန်ရှိသူတွေက ပြည်သူတွေကို အာမခံ ပြောကြားနေပါတယ်။

အာရှစံတော်ချိန် ဗုဒ္ဓဟူးနေ့ အစောပိုင်း ထုတ်တဲ့ ကြေညာချက်မှာတော့ မြောက်ကိုရီးယား လက်နက်ကိုင် တပ်ဖွဲ့တွေက Guam ကို ဒုံးကျည်နဲ့ တိုက်ခိုက်မယ့် အစီအစဉ်တခုကို စေ့စေ့စပ်စပ် သုံးသပ်နေတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ပြောဆိုထားပါတယ်။အမေရိကန် ပိုင်နက် ပစိဖိတ်ကျွန်းပေါ်က အမေရိကန် စစ်တပ် အခြေစိုက် စခန်းတွေဟာ အမေရိကန် ပြည်မကြီး ပြင်ပ နျူးကလီးယား လက်နက်တွေ အများစု သိုလှောင်ထားရာ ဖြစ်တယ်လို့ ယုံကြည်ထားကြတာပါ။

ခေါင်းဆောင် ကင်ဂျုံအွန်းထံက အမိန့်ပေးလိုက်တာနဲ့ အချိန်မဆိုင်းဘဲ တရပ်စပ် တိုက်ခိုက်နိုင်ဖို့ အဆင်သင့်လုပ်ထားမယ်လို့ မြောက်ကိုရီးယား စစ်တပ်ရဲ့ ပြောခွင့်ရတဦးက ပြောဆိုပါတယ်။ Guam ကျွန်း အပေါ် ခြိမ်းခြောက်မှုတွေ မရှိဘူး၊ ဒါပေမယ့် ဖြစ်နိုင်ခြေ အားလုံးအတွက် ပြင်ဆင်ထားတယ်လို့ အုပ်ချုပ်ရေးမှူး Eddie Calvo က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။Guam ဟာ စစ်တပ် အခြေစိုက်ရာ နေရာတခုတင် မဟုတ်ဘဲ အမေရိကန်ရဲ့ ပိုင်နက်နယ်မြေ ဖြစ်ပါတယ်လို့ အုပ်ချုပ်ရေးမှူး Calvo က ပြောဆိုပြီး Guam ကို တိုက်ခိုက်လာတာကို အမေရိကန် အပေါ် တိုက်ခိုက်မှု အဖြစ် သတ်မှတ်မယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က အာမခံ ပြောကြားထားကြောင်းလည်း ပြောပါတယ်။

မြောက်ကိုရီးယားဘက်က အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ Guam ကျွန်းကို အမေရိကန် တပ်ဖွဲ့တွေ အနေနဲ့ ကာကွယ်နိုင်စွမ်း အပေါ်မှာ ယုံကြည်ကြောင်း Guam ကိုယ်စားပြု ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် Madeleine Bordallo ကတော့ ပြောဆိုပါတယ်။ ဒါပေမယ့် တင်းမာမှုတွေ လျော့ကျရေး အတွက် သမ္မတ Trump အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG