သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးဖို့ မြောက်ကိုရီးယားကို အမေရိကန်ကမ်းလှမ်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဧပြီလ ၁၀ ရက် ၂၀၁၃)။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဧပြီလ ၁၀ ရက် ၂၀၁၃)။
မြောက်ကိုရီးယားအစိုးရက သူ့အနေနဲ့ နိုင်ငံတကာမှာ လိုက်နာဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားကို လေးစားလိုက် လိုက်နာမယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ ညှိနှိုင်းဆွေးနွေးမယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ကမ်းလှမ်းလိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရအနေနဲ့ ဒီလိုလိုက်နာ လုပ်ဆောင်နိုင်တယ်ဆိုတာကို ရှင်းရှင်းပြသမယ်ဆိုရင် မိတ်ဘက်နိုင်ငံ တနိုင်ငံ အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ မစ္စတာကယ်ရီ က ပြောဆိုလိုက်တာပါ။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါနဲ့အတူ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဂျွန်ကယ်ရီက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒေသတွင်းမှာ အဓိက မဟာမိတ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးကို တာဝန်ယူ ကူညီပေးဖို့ အမေရိကန် အစိုးရရဲ့ စိတ်ပိုင်းဖြတ်ထားချက်ကိုလည်း ဝန်ကြီး ကယ်ရီ က ထပ်လောင်းပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ မကြာခင်သီတင်းပတ်တွေအတွင်းကပဲ အမေရိကန်နိုင်ငံကိုကော သူ့ရဲ့မဟာမိတ်နိုင်ငံတွေ ဖြစ်ကြတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို တိုက်ခိုက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ထားခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်မှုနဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှု လုပ်ထားတာနဲ့ အမေရိကန် တောင်ကိုးရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တဲ့အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

အခုလို နျူကလီးယားအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ တင်းမာမှုတွေ ရင်ဆိုင်နေရချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံက နိုင်ငံတကာ မာရသွန်ပြိုင်ပွဲ တခုကို တနင်္ဂနွေနေ့မှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့ပါတယ်။ နိုင်ငံခြားသား ၁၄ ယောက်အပါဝင် ပြိုင်ပွဲဝင်သူ ၂၀၀ ကျော်ဟာ ပြုံယမ်းမြို့မှာကျင်းပတဲ့ မာရသွန်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြပါတယ်။
XS
SM
MD
LG