မြောက်ကိုရီယား နိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်မံ တိုးလိုက်ပါတယ်။ လူပုဂ္ဂိုလ် ၄ ဦး၊ ကုမ္ပဏီ ၄ ခုနဲ့ အစိုးရအေဂျင်စီ ၅ ခုတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ မြောက်ကိုရီးယား အပေါ်မှာ အမေရိကန် ပြည်ထောင်စုရဲ့ မူလ ဒဏ်ခတ်မှုစာရင်းကို ထပ်တိုးလိုက်ပါတယ်။
အဲဒီ လူပုဂ္ဂိလ်နဲ့ အဖွဲ့အစည်းတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်အတွက် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ၊ အကူအညီတွေ ပေးနေတယ်ဆိုပြီး စွပ်စွဲခံရပြီးတဲ့နောက် အခု တနင်္လာနေ့မှာ အမေရိကန် အစိုးရရဲ့ အရေးယူတဲ့အမိန့်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အရေးယူခံရတဲ့ တသီးပုဂ္ဂလထဲမှာတော့ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား စွမ်းအင်ဆိုင်ရာ ဗျူရို ညွှန်ကြားရေးမှူးချုပ် ရီဂျီစွန်း (Ri Je Son)၊ ယုံဗြောင်း နျူကလီးယား သုတေသနဌာန အကြီးအကဲ ရီဟွန်ဆွပ် (Ri Hong Sop) တို့ ပါဝင်ကြပါတယ်။
အစိုးရဗျူရို ၅ ခုထဲမှာတော့ Office 39 ဆိုတာ ပါဝင်ပါတယ်။ အဲဒီဌာနဟာ အမေရိကန် ငွေကြေးတွေ အတုလုပ်တာ၊ တရားမ၀င် မူးယစ်ဆေးဝါးနဲ့ စီးကရက်တွေ ဖြန့်ဖြူးတာတွေ လုပ်တယ်လို့ အမေရိကန်ပြည်ထောင်စု စစ်ဘက် လေ့လာချက်တရပ်မှာ ဖော်ပြထားပါတယ်။
ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယား သင်္ဘောကို ပစ်ခတ် နှစ်မြုပ်လိုက်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်ကို မတည်မငြိမ် ဖြစ်စေတဲ့လုပ်ရပ် ဖြစ်တယ်ဆိုပြီး ဒီဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။