သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကိုယ်စားလှယ် နျူကလီးယားအရေး ဆွေးနွေးဖို့ အမေရိကန်ရောက်


မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်မ်ကေးဂွမ်န်။ ဇူလိုင် ၂၆၊ ၂၀၁၁။
မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်မ်ကေးဂွမ်န်။ ဇူလိုင် ၂၆၊ ၂၀၁၁။

ရပ်တန့်နေတဲ့ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲရဲ့ အနာဂတ်ကိစ္စတွေ ဆွေးနွေးဖို့ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးလည်း ဖြစ်သူဟာ အမေရိကန်နိုင်ငံကို ရောက်ရှိနေပါတယ်။

အမေရိကန် အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ ၂ ရက်အလိုမှာ အဲဒီ စေ့စပ် ညှိနှိုင်းရေးမှူး ကင်မ်ကေးဂွမ်န် (Kim Kye Gwan) ဟာ နယူးယောက်မြို့ကို အင်္ဂါနေ့က ရောက်ရှိခဲ့တာပါ။

မစ္စတာကင်မ် အခုလို ရောက်ရှိမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာပါ။ အစကို ပြန်ရောက်သွားစေမယ့် ဆွေးနွေးပွဲရှည်တွေ ပြုလုပ်သွားဖို့ အမေရိကန်တို့ဘက်က စိတ်ဝင်စားခြင်း မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။

ဆင်းရဲနွမ်းပါးနေတဲ့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်သိမ်းပစ်ရင် စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ တခြား အကူအညီပေးမယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ ၆ နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲတွေကို ကျင်းပနေခဲ့တာပါ။

အဲဒီ ဆွေးနွေးပွဲတွေကနေ မြောက်ကိုရီးယားက မကြာခဏ ထွက်သွားလေ့ရှိပြီး နောက်ဆုံးတခေါက်ကတော့ ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားက ဒုတိယအကြိမ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ပြုလုပ်ခဲ့တုန်းက ဖြစ်ပါတယ်။ မနှစ်ကတုန်းကတော့ ကိုရီးယားစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း အဆိုးရွားဆုံး တင်းမာမှုတွေ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG