မြောက်ကိုရီးယားနိုင်ငံက ဘဏ်လုပ်ငန်း ၈ ခုနဲ့ ဘဏ်အရာရှိ ၂၆ ယောက်တို့အပေါ် ပစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
လူအမြောက်အများ ထိခိုက်သေကျေစေမယ့် လက်နက်တွေနဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး အစီအစဉ်တွေအတွက် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို အသုံးချနေတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို ပစ်မှတ်ထား ဒဏ်ခတ်ဖို့ ရည်ရွယ်တာ ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မနေ့တုန်းက ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး မြောက်ကိုရီးယားကို အထီးကျန်ဖြစ်အောင်လုပ်မယ့် မဟာဗျုဟာအရ တိုးမြှင့်ဆောင်ရွက်လိုက်တာ ဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့အညီ ဆောင်ရွက်ခဲ့တာလို့လည်း ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကပြောပါတယ်။ အားပြင်းတဲ့ ဟိုက်ဒြိုဂျင်ဗုံးလို့ ယုံကြည်ရတဲ့ အနုမြူဗုံးစမ်းသပ်မှု လုပ်ခဲ့ပြီး နောက်မှာပဲ ဒီလဆန်းမှာ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ခဲ့တာပါ။ ဒဏ်ခတ်မှုအသစ်တွေအရ မြောက်ကိုရီးယားရဲ့ စွမ်းအင်နဲ့ လောင်စာတင်သွင်းမှုတွေကို အကြီးအကျယ် ဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှု အသစ်တွေဟာ မြောက်ကိုရီးယားလူထုအတွက် အသက်ရှုပေါက်မရှိအောင်လုပ်တဲ့ လုပ်ရပ်အဖြစ် ရှုတ်ချကြောင်း တုံ့ပြန်ခဲ့တာပါ။ မနေ့တုန်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့ မြောက်ကိုရီးယား နိုင်ငံသား ၂၆ ယောက်ဟာ ပြည်ပနိုင်ငံတွေမှာ နေထိုင်ပြီး၊ မြောက်ကိုရီးယား ဘဏ်တွေအတွက် အကျိုးဆောင်ပေးနေသူတွေ ဖြစ်ပါတယ်။ ဒီအထဲက ၁၉ ဦးကတော့ တရုတ်နိုင်ငံမှာ နေထိုင်နေပြီး၊ ရုရှားမှာ ၃ ဦး၊ လစ်ဗျားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာ ၂ ဦးစီ နေထိုင်ကြပါတယ်။