သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ် ကန်ချမှတ်


ပြုံယမ်းအစိုးရက နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် နောက်ဆုံး စမ်းသပ်ပစ်လွှတ်မှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုအသစ်တွေ ချမှတ်တဲ့ အမိန့်ကို အမေရိကန် သမ္မတ Barack Obama က လက်မှတ်ရေးထိုး လိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရရဲ့ နျူကလီးယား လက်နက်ထုတ်နိုင်ဖို့ ကြိုးပမ်းချက်တွေကို ကန့်သတ်ဖို့ ရည်ရွယ်ပြီး ကာလကြာရှည်ကျင်းပနေတဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေကို ဆန့်ကျင်ပြီး မြောက်ကိုရီးယားက ဇန်နဝါရီလ ၆ ရက်နေ့ နျူကလီးယားစမ်းသပ်မှုနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ပဲ့ထိန်းတပ်ဒုံးကျည် ပစ်လွှတ်မှုတွေ ပြုလုပ်ခဲ့တဲ့ နောက်ပိုင်း အခုလို သမ္မတအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သမ္မတအိမ်ဖြူပြောခွင့်ရ Josh Earnest က သမ္မတရဲ့ ဆုံးဖြတ်ချက်အမိန့်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။

အခုလို အမေရိကန်ဘက်က အရေးယူဒဏ်ခတ်မှု အသစ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအပေါ် ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်မှုကို အမေရိကန်ပြည်ထောင်စုက အကောင်ထည်ဖော်ခွင့် ရတာဖြစ်ကြောင်းလည်း မစ္စတာ Earnest က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ တရားမဝင် နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်စမ်းသပ်မှုတွေကို အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ သည်းခံမှာ မဟုတ်တဲ့အပြင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို မြောက်ကိုရီးယားက လေးစား လိုက်နာလာတဲ့အထိ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ဆက်လုပ်နေမှာ ဖြစ်ကြောင်းလည်း Josh Earnest က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG