သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ငွေကြေးဆိုင်ရာ ဒဏ်ခတ်မှုချဖို့ ကန် ပြင်ဆင်


မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံရဲ့ ငွေကြေးစနစ်တွေကို လက်လှမ်းမမှီနိုင်အောင် ပိတ်ဆို့ဖို့ အမေရိကန်ပြည်ထောင်စုက အရေးယူ ဆောင်ရွက်နေပြီး မြောက်ကိုရီးယား ဟာ ငွေကြေးခဝါချမှုတွေအတွက် အစိုးရိမ်ရဆုံး နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန် ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေအနေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ တိုက်ရိုက် စီးပွားလုပ်ဆောင်ဖို့ တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ တတိယနိုင်ငံတွေကနေ မြောက်ကိုရီးယားကိုယ်စား အမေရိကန် ငွေကြေး စနစ်နဲ့ ထိတွေ့ ဆောင်ရွက်မှု ရှိမလာအောင် အထူး သတိထား ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကမ္ဘာ့ငွေကြေးစနစ်ကို သိသိသာသာ ခြိမ်းချောက်လာမယ့် အန္တရာယ်ကို အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့တဝှမ်းက တခြား လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေအနေနဲ့ စောင့်ကြည့်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာန အဆင့်မြင့်အရာရှိ Andrew Szubin က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ဥပဒေနဲ့ ကိုက်ညီခြင်းမရှိတဲ့ လက်နက်အစီအစဉ်တွေနဲ့ တခြား တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ အစီအစဉ်တွေ လုပ်ဆောင်နိုင်ရေးအတွက် သူ့ရဲ့ငွေကြေး လွဲပြောင်းမှုတွေကို လိမ်လည်ဆောင်ရွက်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ လူအများအပြား သေစေနိုင်တဲ့ လက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ တည်ဆောက်ရေးလုပ်ငန်းတွေကို ဖုံးကွယ်ဖို့အတွက် အစိုးရပိုင် ငွေကြေးအဖွဲ့အစည်းတွေနဲ့ ဟန်ပြ ကုမ္ပဏီတွေကို အသုံးပြုနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG