သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြောက်ကိုရီးယား သင့်မြတ်ရေး ဆွေးနွေးပွဲ ပုံစံပြောင်းသင့်


ကန်-မြောက်ကိုရီးယားဆွေးနွေးပွဲ
ကန်-မြောက်ကိုရီးယားဆွေးနွေးပွဲ

မြောက်ကိုရီးယားနဲ့ အမေရိကန်ခေါင်းဆောင်၂ဦး ပြီးခဲ့တဲ့ အပတ်က ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ကိစ္စ ဘာသဘောတူညီချက်မှ မရခဲ့ပဲဖြစ်နေတာကြောင့် ဒီအခြေအနေကို ကြားဝင်စေ့စပ်ပေးဖို့ အဆင်သင့်ပါပဲလို့ တောင်ကိုရီးယား သမ္မတမွန်ဂျေးအင် ကပြောလိုက်ပါတယ်။ တောင်ကိုရီးယားသမ္မတမွန်းက ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Steve Miller ရဲ့ သတင်းကို ကိုကျော်အောင်လွင်ပြောပြပါလိမ့်မယ်။

ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမှာ ပြီးခဲ့တဲ့ အပတ်တုန်းက ၂ရက်ကြာတွေ့ဆုံခဲ့ကြတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်၂ဦးရဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲက ထူးခြားတဲ့ တိုးတက်မှုတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ချက်တွေရှိခဲ့ကြပေမဲ့လည်း ဘာသဘောတူညီချက်မှ မရရှိခဲ့တာကြောင့် မအောင်မြင်တဲ့ဆွေးနွေးမှုဖြစ်ခဲ့ပါတယ်။ နှစ်ဖက်ညှိနှိုင်းမှုတွေလုပ်ဆောင်တဲ့ ကာလအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် ရဲ့ အခန်းကဏ္ဍကမပါဝင်ခဲ့ပါဘူး။

ဒါပေမဲ့အခုလို ရှေ့ဆက်ဖို့ ခက်နေတဲ့ အခြေအနေမျိုးမှာတော့ သမ္မတမွန်ဂျေးအင်ရဲ့အခန်းကဏ္ဍက လိုအပ်လာပါပြီလို့ လေ့လာသူတချို့က သုံးသပ်နေပါတယ်။ ဒါပေမဲ့လည်း သမ္မတမွန်းရဲ့ ဆောင်ရွက်မှုတွေမှာ စွန့်စားရတဲ့ ကိစ္စတွေရှိလာနိုင်တယ် လို့တောင်ကိုရီးယားမြို့တော် ဆိုးလ်က အာရှရေးရာမူဝါဒလေ့လာရေးအဖွဲ့ရဲ့ အကြီးတန်းသုတေသီ Shin Beom-Chul ကပြောပါတယ်။

" နျူကလီးယားလက်နက်ဖျက်သိမ်းမှုတွေမတိုင်ခင် မြောက်ကိုရီးယား အပေါ် အရေးယူထားတဲ့ ပိတ်ဆို့မှုတွေကိုလျော့ချပေး ဖို့ သမ္မတမွန်ဂျေးအင်ဘက်က အကြံပြုနေမယ် ဆိုရင်တောင်ကိုရီးယားရဲ့ မဟာမိတ်အပေါ် ထိခိုက်စေပါလိမ့်မယ်။ သမ္မတမွန်းဟာ သူ့ရဲ့နိုင်ငံရေးအင်အားကို အကုန်သုံးပြီး စွန့်စားဆောင်ရွက်နေတာပါ"

ကိုရီးယား ၂နိုင်ငံအကြားလုပ်ဆောင်ကြမယ့် စီမံကိန်းတွေရှေ့ဆက်သွားနိုင်အောင် မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူ ထားတာတွေ အားလုံးဖယ်ရှားပေးဖို့၊ ဒါမှမဟုတ် လျှော့ပေါ့ပေးဖို့ သမ္မတမွန်းဂျေးအင် ဘက်ကတိုက်တွန်းမှုတွေကိုရည်ညွှန်း ပြီး သုတေသီ Shin Beom-Chul ကပြောခဲ့တာပါ။

ဝါရှင်တန်နဲ့ ပြုံယမ်းအကြားဆွေးနွေးမှုတွေ မကြာခင် ပြန်စလာနိုင်အောင် ကြားကနေ ဝင်ပြီး ဆောင်ရွက်ပေးနိုင်မယ့်အခြေ အနေတွေ အားလုံးကိုရှာဖွေလုပ်ကိုင်ကြဖို့ သူ့ရဲ့အစိုးရအဖွဲ့ကို သမ္မတမွန်ဂျေးအင်က အင်္ဂါနေ့တုန်းကအမိန့်ပေးထား ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားပြောဆိုဆွေးနွေးလက်စ ဆက်ဆံရေးကို အရှိန်မပျက် ဆက်ပြီးသွားနိုင်အောင် တောင်ကိုရီးယားအစိုးရဘက်က တတ်စွမ်းသမျှ လုပ်ဆောင်သွားမယ်လို့လည်း သမ္မတမွန်းကပြောထားပါတယ်။

အမေရိကန်နဲ့မြောက်ကိုရီးယားအကြားမှာ ဘာတွေက အဓိကကွာခြားချက်တွေ ဖြစ်နေသလဲ၊ အဲဒီကွာခြားချက်တွေကို နီးကပ်လာစေမယ့်လမ်းကြောင်းတွေက ဘာတွေလဲ၊ ဘယ်လိုလုပ်မလဲဆိုတာတွေကို ရှာဖွေလုပ်ဆောင်ကြဖို့လည်း သမ္မတ မွန်းက သူ့အစိုးရအဖွဲ့ ကိုပြောထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဟန်ဒေါင်းတက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေးဌာနက ပါမောက္ခ Kim Joon-hyung ကတော့ အမေရိကန်နဲ့ မြောက်ကိုရီးယား အကြား ညှိနှိုင်းဆွေးနွေးမှုတွေမှာ ခေါင်းဆောင်၂ဦးချင်းတွေ့ဆုံဆွေးနွေးတဲ့လမ်းက အဆင်ပြေလိမ့် မယ်လို့ထင်ထားခဲ့ပေမယ့် အခုတော့ ထင်သလို ဖြစ်လာခဲ့ဘူး လို့ဆိုပါတယ်။

"ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်တုန်းကတော့ ခေါင်းဆောင်၂ဦးချင်းတွေ့ပြီး ရှင်းကြတဲ့လမ်းက အဆင်ပြေခဲ့ကြတာပါ။ အဲဒါကြောင့်လည်း ဟနွိုင်းထိပ်သီးတွေ့ဆုံမှုမှာ သဘောတူညီမှု ကြီးကြီးမားမားရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အခုဒီခေါင်းဆောင်ချင်း တွေ့ဆုံတဲ့နည်းက အဆင်မပြေဘူးဆိုတာကိုပြနေပါတယ်"

အာရှရေးရာမူဝါဒလေ့လာရေးအဖွဲ့ရဲ့ အကြီးတန်းသုတေသီ Shin Beom-Chul ကတော့ ခေါင်းဆောင်ချင်းတွေ့ဆုံဆွေး နွေးတဲ့လမ်းကြောင်းက အလုပ်မဖြစ်တော့ဘူး လို့ ယူဆပါတယ်။

"အမေရိကန်နဲ့မြောက်ကိုရီးယား၂နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုတွေရဲ့ရလာဒ်ထွက်ပေါ်မှုက မြောက်ကိုရီးယား အပေါ်မှာမူတည်တာပါ။ ဒီအခြေအနေကို မြောက်ကိုရီးယားဘက်ကပဲ ထိန်းချုပ်ထားတာပါ။ အပြောင်းအလဲအတွက် ဆုံးဖြတ်ချက်ချရမှာကလည်း သူတို့ပါပဲ။ ခေါင်းဆောင်၂ဦးချင်းတွေ့ဆုံညှိနှိုင်းကြတဲ့လမ်းကြောင်း ကတော့ အလုပ်မဖြစ်တော့ပါဘူး။ အခြေအနေတွေကို ပိုပြီးဆိုးလာစေပါတယ်"

နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စ နဲ့ပတ်သက်တဲ့ပြောဆိုမှုတွေ ရှေ့ဆက်နိုင်ရေး ကို နိုင်ငံ့ခေါင်းဆောင်တွေ မဟုတ်တဲ့ လုပ်ငန်းအကောင်အထည်ဖေါ်ကြမယ့်အဖွဲ့ကို ထူထောင်သင့်တယ်လို့လည်း သုတေသီ Shin Beom-Chulက ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း မြောက်ကိုရီးယားက အရာရှိတွေနဲ့ ပြောလက်စဆွေး နွေးမှုတွေကိုဆက်ပြီး လုပ်နိုင်ဖို့ အမေရိကန်ကိုယ်စားလှယ်တဖွဲ့ကို မကြာခင်မှာ မြောက်ကိုရီးယားကို စေလွှတ်နိုင်လိမ့်မယ်လို့မျှော်လင့်ထားကြောင်း တနင်္လာနေ့ ကပြောပါတယ်။

ဟန်ဒေါင်းတက္ကသိုလ်ပါမောက္ခ Kim Joon-hyung ကတော့ မြောက်ကိုရီးယားကို နျူကလီးယားအရေးမှာ အညံ့ခံရမယ့် နိုင်ငံအဖြစ် အမေရိကန်ဘက်က မဆက်ဆံ သင့်ဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြောက်ကိုရီးယားဟာ လုံး၀ လက်နက်ချရေးလမ်းကြောင်းကို လက်ခံနိုင်မှာမဟုတ်တာကြောင့်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG