သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အရှေ့မြောက်မှာ နောက်ထပ် နှင်းမုန်တိုင်းကျရောက်


မက်ဆာချူးဆက်ပြည်နယ်က နှင်းမုန်တိုင်းကျခဲ့ပြီး တင်ကျန်နေတဲ့နှင်းထု။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅)
မက်ဆာချူးဆက်ပြည်နယ်က နှင်းမုန်တိုင်းကျခဲ့ပြီး တင်ကျန်နေတဲ့နှင်းထု။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း New England ဒေသနဲ့ Massachusetts ပြည်နယ်အရှေ့ပိုင်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာမှာ ခန့်မှန်းထားတာထက် ပိုပြီး နှင်းတွေကျခဲ့ပါတယ်။

Massachusetts ပြည်နယ်မှာ နှင်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အင်မတန်အေးခဲတဲ့ လေအေးတွေ ဆက်တိုက်နေတာကြောင့် ပြည်သူတွေကို အိမ်ပြင်မထွက်ကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Charlie Baker က တနင်္ဂနွေနေ့က တိုက်တွန်းခဲ့ပါတယ်။ နှင်းအများဆုံးကျခဲ့တဲ့ Ipswich မြို့မှာ တနင်္ဂနွေနေ့က နှင်းအမြင့် လက်မ ၂၀ ဖြစ်ခဲ့ပါတယ်။ လေပြင်းတိုက်နှုန်းကလည်း တနာရီမိုင် ၆၀ ကျော်နှုန်းနဲ့ တိုက်ခတ်နေတာမို့ လမ်းပေါ်ထွက်ဖို့ မသင့်ဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Baker က တနင်္ဂနွေနေ့ မနက်ပိုင်းက ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့ မနက်အထိ Massachusetts ပြည်နယ်မှာ နှင်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Boston မြို့မှာဆိုလည်း စနေနေ့ နေ့လည်ပိုင်းကတည်းက တနင်္ဂနွေနေ့အထိ ကျနေတဲ့နှင်းတွေက ၁၄ လက်မလောက်ရှိမယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ အပူချိန်က အနှုတ် ၂၃ ဒီဂရီ Celsius လောက်အေးတယ်လို့ ခံစားကြနေရပါတယ်။ Boston နဲ့ New York လေဆိပ်တွေကြား ပျံသန်းတဲ့ လေယဉ်ခရီးစဉ်ပေါင်း ၁၇၀၀ ထက်မနည်းကိုလည်း ဖျက်ခဲ့ရပါတယ်။ အခုလို Boston မြို့မှာ သီတင်း ၂ ပတ်အတွင်း နောက်ထပ် နှင်းမုန်တိုင်းကြီးတိုက်ခတ်ခဲ့တဲ့အတွက် အခု ဖေဖေါ်ဝါရီလဟာ Boston မြို့သမိုင်းမှာ နှင်းအများဆုံးကျတဲ့လအဖြစ် စံချိန်တင်ခဲ့ပါတယ်။

XS
SM
MD
LG