သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယား ဆွေးနွေးပွဲ ကန့်သတ်ရက်ကျော်မည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ IAEA ညွှန်ချုပ် Yukiya Amano တို့ သြစတြေးလျနိုင်ငံ၊ ဗီယင်နာမြို့က အီရန်နျူကလီယားဆွေးနွေးပွဲမှာတွေ့ရစဉ်။ (ဇွန် ၂၉၊ ၂၀၁၅)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ IAEA ညွှန်ချုပ် Yukiya Amano တို့ သြစတြေးလျနိုင်ငံ၊ ဗီယင်နာမြို့က အီရန်နျူကလီယားဆွေးနွေးပွဲမှာတွေ့ရစဉ်။ (ဇွန် ၂၉၊ ၂၀၁၅)

အီရန် နျူကလီယားအရေး အပြီးသတ် ဆွေးနွေးဖို့ မူလသတ်မှတ်ထားတဲ့ ဇွန်လ ၃၀ နောက်ဆုံးနေ့ထက် ကျော်လွန်ပြီး ရက်ကြာကြာ သက်တမ်းတိုးဖို့ အီရန် စေ့စပ်ညှိနှိုင်းရေးမှူးတွေဘက်က အစီအစဉ်မရှိဘူးလို့ အဆင့်မြင့် အမေရိကန် အစိုးရအရာရှိက ပြောပါတယ်။

ဒါပေမယ့် လက်ရှိဆွေးနွေးနေတဲ့ အကြောင်းအရာတွေဟာ အပြီးသတ် ဆွေးနွေးပွဲမှာပါဝင်မယ်ဆိုပြီး ဧပြီလ ၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ Lausanne မြို့မှာ ရရှိခဲ့တဲ့ မူလ သဘောတူထားခဲ့ကြတဲ့ အကြောင်းအရာတွေထက် ပိုပြီး အသေးစိတ်နေတဲ့အတွက် သတ်မှတ်ရက်ထက် ၂ ရက်မက ကျော်လွန်သွားမယ်ဆိုရင်လည်း အံ့အားသင့်စရာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျော့ပေးဖို့အတွက် အီရန်ဖက်က နျူကလီယားလက်နက် တည်ဆောက်လို့ မရနိုင်တဲ့အဆင့်အထိ လျော့ချပေးရမယ့် ပြီးပြည့်စုံတဲ့ သဘောတူညီချက်ကို သတ်မှတ်ရက်အတွင်း ရနိုင်ဖို့ ဆွေးနွေးနေကြတဲ့ Vienna မြို့မှာ အဲဒီ အရာရှိတွေက တနင်္လာနေ့က ပြောလိုက်တာပါ။

ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို လက်ငင်းအကျိုးဖြစ်ထွန်းစေမယ့် အရေးပါတဲ့ သဘောတူညီချက်ဖြစ်သလို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအပေါင်း ၁ တို့အပြင် အရှေ့အလယ်ပိုင်း၊ အီရန်နဲ့ တကမ္ဘာလုံးရဲ့လုံခြုံရေးအတွက်ပါ လက်ငင်း အကျိုးဖြစ်ထွန်းစေမယ့် သဘောတူညီချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲနဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို စေ့စပ် ညှိနှိုင်းရေးမှူးတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်လည်း အဓိက အခက်အခဲဖြစ်နေတဲ့ အကြောင်းအရာတွေဟာ - ကုလသမဂ္ဂနျူကလီယား စစ်ဆေးရေးမှူးတွေ အီရန်နျူကလီယား စက်ရုံတွေကို ဘယ်လောက်အထိ ဝင်ရောက် စစ်ဆေးခွင့်ရှိမလဲဆိုတာနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဘယ်လောက် မြန်မြန် လျော့ချေပေးမလဲဆိုတဲ့အချက်တွေ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG