အမေရိကန်ပြည်ထောင်စု မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံတွေ ယိုစိမ့်ထွက်နေတဲ့တွင်းကို အဖုံး အကြီးကြီးနဲ့ အုပ်လိုက်တာ အဖုံးက အခုထိ ခိုင်မြဲနေပုံရတယ်လို့ BP ရေနံကုမ္ပဏီက ပြောပြီးတော့ အင်ဂျင်နီယာတွေကလဲ ဖိအားတိုင်းတာတွေ၊ အပူချိန် တိုင်းတာတွေနဲ့ ရေအောက်က ပုံရိပ်တွေကို မျက်ချေမပျက် စောင့်ကြည့်နေတာတွေ လုပ်ဆောင်နေပါတယ်။
ရေနံယိုစိမ့်ထွက်နေတဲ့တွင်းရဲ့ ဖိအားကို တိုင်းတာတဲ့ ပဏာမ ရလဒ်က ပြည့်စုံမှုမရှိလို့ စမ်းသပ်ချက်ကို ဆက်လုပ်မယ်လို့ ဒီကိစ္စရပ်တွေကို အစိုးရဘက်ကနေ တုံ့ပြန်ပေးနေတဲ့ အရာရှိက ပြောပါတယ်။ ဖိအားတိုင်းတာလို့ ရတဲ့အချက်အလက်တွေအရ ဖိအားက ဖြည်းဖြည်းချင်း မြင့်တက်လာနေပေမဲ့ တွင်းထဲကနေ ရေနံတွေ ထပ်ပြီး စိမ့်ထွက်မနေပါဘူးလို့ သေချာပြောနိုင်တဲ့ အနေအထားကို ရောက်မလာဘူးလို့ ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း Thad Allen က ပြောကြားသွားပါတယ်။
အဲဒီတိုင်းတာချက်တွေဟာ ရေနံတွေ ထွက်နေတဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံကန်ထဲမှာ ရေနံတွေ နည်းသွားတာ ဒါမှမဟုတ်ရင်လဲ ရှိနေတယ်လို့ သိမထားသေးတဲ့ ယိုစိမ့်မှုတခုလဲ ဖြစ်နိုင်တယ်လို့ မစ္စတာ Allen က ပြောပါတယ်။ နောက်ပိုင်းမှာတော့ BP ဦးဆောင်အရာရှိ Kent Wells က ရေနံတွေ ယိုစိမ့်နေတဲ့ အချက်အလက်ဆိုတာမျိုး တခုမှ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဧပြီလမှာ ရေနံယိုစိမ့်မှု စတင်ဖြစ်ပွားကတည်းက ပထမဦးဆုံးအကြိမ် အဖြစ်နဲ့ ကြာသပတေးနေ့မှာပဲ BP ရေနံကုမ္ပဏီက တွင်းကို အဖုံးသစ်တပ်ဆင်ပြီးတော့ ရေနံယိုစိမ့်မှုကို တားဆီးထားတာ ဖြစ်ပါတယ်။