သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေအေးပေးစက်တွေယူသွားမယ့် အမေရိကန်အိုလံပစ်အသင်း


ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှ ကျင်းပပြုလုပ်မည့် ​နွေရာသီအိုလံပစ် အားကစားပွဲတော်
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှ ကျင်းပပြုလုပ်မည့် ​နွေရာသီအိုလံပစ် အားကစားပွဲတော်

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁၁ ရက်အထိ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတွေမှာ ယှဉ်ပြိုင်ကြမယ့် အမေရိကန်အိုလံပစ်အသင်းက ကိုယ်ပိုင်လေအေးပေးစက်တွေ ယူသွားကြမှာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် မထိခိုက်စေအောင် ပါရီအိုလံပစ်ပွဲတွေကို စီစဉ်ပြင်ဆင်နေတဲ့အပေါ် အမေရိကန်အိုလံပစ်အသင်းက အသိအမှတ်ပြုပေမဲ့ အမေရိကန် အားကစားသမားတွေရဲ့ စွမ်းဆောင်နိုင်စွမ်း အကောင်းဆုံးဖြစ်ရေးဟာ အဓိက ဦးစားပေးဖြစ်တာကြောင့် ဖြစ်တယ်လို့ အမေရိကန်အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်အဖွဲ့ အမှုဆောင်အရာရှိချုပ် Sarah Hirshland က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

အိုလံပစ်ပြိုင်ပွဲဝင်ကြမယ့် အမေရိကန် အားကစားသမားတွေနဲ့ တိုင်ပင်ခဲ့ပြီးနောက် အခုလို ကိုယ်ပိုင်လေအေးပေးစက်တွေ ပါရီမြို့ကို ယူသွားကြမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ အိုလံပစ်အားကစားပွဲတွေ ကျင်းပမယ့် ပါရီမြို့တော်မှာ ဩဂုတ်လဆိုရင် အပူချိန် ပျှမ်းမျှအပူဆုံးက ၇၇ ဒီဂရီ ဖာရင်ဟိုက်၊ Celsius နဲ့ဆိုရင် ၂၅ ဒီဂရီ Celsius လောက်ရှိပါတယ်။

ပါရီ အိုလံပစ်ပွဲတော်အားကစားကွင်းတွေ၊ အားကစားသမားတွေ တည်းခိုမယ့်နေရာတွေကို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေအောင် ပြင်ဆင်ထားတယ်လို့ ပါရီအိုလံပစ်ပွဲတော် စီစဉ်သူတွေက ပြောထားပါတယ်။ အိုလံပစ်ရွာက အဆောက်အဦးတွေကို နေရောင်အပူဒဏ်ခံနိုင်အောင် မျက်နှာစာတွေကို ဒီဇိုင်းထွင်ဆောက်ထားပါတယ်။ ကြမ်းပြင်အောက်မှာ တပ်ဆင်ထားတဲ့ ပိုက်တွေထဲကို သဘာဝအေးနေတဲ့ မြေအောက်ရေလွှတ်ပြီး အခန်းတွေ အေးနေစေတဲ့ စနစ်လုပ်ထားတာမို့ နွေရာသီကာလတွေမှာ လေအေးပေးစက် သတ်သတ်မလိုနိုင်ဘူးလို့ အားကစားသမားတွေ တည်းခိုကြမယ့် အိုလံပစ်ရွာက အဆောက်အဦးတွေ ဆောက်လုပ်ရေးကို ကြီးကြပ်တာဝန်ယူထားသူက ပြောကြားထားပါတယ်။

ဒီနည်းနဲ့ အခန်းတွေထဲမှာ အပူချိန် ၂၃ ကနေ ၂၆ ဒီဂရီ Celsius၊ ဖာရင်ဟိုက်နဲ့ဆိုရင်၇၃ ကနေ ၇၉ ဖာရက်ဟိုက်ကြားမှာ အပူချိန်ကို ထိန်းထားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမဲ့ အပူဒဏ် အားကစားသမားတွေ ခံနိုင်အောင် အမေရိကန် အိုလံပစ်အသင်းက ကိုယ်ပိုင်လေအေးပေးစက်တွေ ယူသွားကြမှာ ဖြစ်ပါတယ်။ Australia, ကနေဒါ၊ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီအသင်းတွေကလည်း ကိုယ်ပိုင်လေအေးပေးစက်တွေ ယူသွားကြဖို့ အစီအစဉ် ရှိတယ်လို့ Washington Post သတင်းက ဇွန်လဆန်းပိုင်းက ဖော်ပြခဲ့ပါတယ်။ နွေရာသီအိုလံပစ် အားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ နိုင်ငံစုံက အားကစားသမား ၁ သောင်းကျော် ပါရီမြို့တော်ကို လာကြမယ်လို့ ခန့်မှန်းထားပါတယ်။ အားကစားသမားအရေအတွက် အများဆုံးထဲမှာ အမေရိကန်အသင်း ပါဝင်ပါတယ်။

Forum

XS
SM
MD
LG