သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ၅ ဦး ပါကစ္စတန် ထောင်ဒဏ်ချမှတ်


အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံသား ၅ ယောက်ကို အပြစ်ရှိကြောင်း ပါကစ္စတန် တရားရုံးတခုက ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ နိုင်ငံအရှေ့ပိုင်းက ဆာဂိုဒါ (Sargodha) မြို့ တရားရုံးမှာ ဒီကနေ့ပဲ စီရင်ချက် ချမှတ်လိုက်တာပါ။

အသက် ၂၀ ကျော်အရွယ် အမေရိကန်နိုင်ငံသား မူဆလင်တွေ ဖြစ်ကြတဲ့ သူတို့ကိုတော့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ ပြစ်မှု ၂ ခုအတွက် အခုလို စီရင်လိုက်တာဖြစ်ပြီး ဒဏ်ငွေအဖြစ် ၈၂၁ ဒေါ်လာ ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြစ်ဒဏ်စီရင်ခံခဲ့ရတဲ့ အမေရိကန်တွေဟာ ၀ါရှင်တန်ဒီစီ တ၀ိုက်က လာကြသူတွေဖြစ်ပြီး သူတို့ဟာ ပါကစ္စတန်မှာ တိုက်ခိုက်မှုတွေ လုပ်ဖို့နဲ့ အိမ်နီးချင်း အာဖဂန်နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်မှုတွေ လုပ်နေတဲ့ အစ္စလမ် စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ ကြံစည်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်စီရင်ခံရသူ အမေရိကန်တွေကတော့ သူတို့မှာ အပြစ်မရှိကြောင်းနဲ့ ဖမ်းဆီးထားစဉ် အမေရိကန်နဲ့ ပါကစ္စတန် အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်တာ ခံရတယ်လို့လည်း ပြောခဲ့ကြပေမဲ့ အမေရိကန်နဲ့ ပါကစ္စတန် တာဝန်ရှိသူတွေကတော့ ဒါကို ငြင်းဆန်ထားတာပါ။

အစိုးရရှေ့နေတွေကတော့ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး ဒီထက်ပိုပြီး ပြစ်ဒဏ်တွေ ချမှတ်ဖို့ အထက်တရားရုံးကို ထပ်တင်မယ်လို့ ပြောခဲ့တာပါ။ စွပ်စွဲခံရသူတွေရဲ့ အကျိုးဆောင် ရှေ့နေတွေကတော့ စီရင်ချက်အပေါ် အယူခံသွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG