သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှခရီး အစအဖြစ် ဝန်ကြီးကလင်တန် ပါကစ္စတန် ရောက်ရှိ

၉ နှစ်ကြာနေပြီဖြစ်တဲ့ အာဖဂန်နစ္စတန် စစ်ပွဲဆိုင်ရာ ရည်မှန်းချက်တွေကို မွမ်းမံဖို့ ရည်ရွယ်ချက်တွေနဲ့ ပါကစ္စတန်နိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဒီနေ့ ရောက်ရှိလာပါတယ်။

ဟီလာရီ ကလင်တန်ရဲ့ အရှေ့တောင်အာရှနဲ့ တောင်အာရှ ခရီးစဉ်ရဲ့ ပထမ ခရီးတထောက်လည်း ဖြစ်ပါတယ်။

အာဖဂန်စစ်ပွဲကို အနိုင်တိုက်ရေးမှာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေကြားမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အချက်အလက်တွေ ရှာဖွေရေးကို ဦးစားပေးပြီး ဆောင်ရွက်ဖို့အတွက် မြို့တော် အစ္စလမ္မာဘတ်မှာ ဝန်ကြီး ကလင်တန်ဟာ ပါကစ္စတန် စစ်တပ်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဝန်ကြီး ကလင်တန် အနေနဲ့ ပါကစ္စတန်မှာ ဖြစ်ပေါ်နေတဲ့ အမေရိကန် ဆန့်ကျင်ရေး အသွင်အပြင်တွေကို ပြောင်းလဲပစ်နိုင်ဖို့ ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။

၅ နှစ်အတွင်း စစ်နဲ့မသက်ဆိုင်တဲ့ အထွေထွေ ကူညီထောက်ပံ့မှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၇,၅၀၀ ပါကစ္စတန်ကို ထောက်ပံ့ရေး ပြီးခဲ့တဲ့နှစ်က အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ အရင် ကူညီထောက်ပံ့မှုတွေရဲ့ ၃ ဆ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ မောင်းသူမဲ့ လေယာဉ်တွေက ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အနီး ပါကစ္စတန်ဘက်က အကြမ်းဖက် စစ်သွေးကြွတွေရဲ့ စခန်းတွေလို့ ယူဆရတဲ့ နေရာတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှု ရှိနေတာကြောင့် အမေရိကန်နဲ့ ပါကစ္စတန်ကြားမှာ ယုံကြည်မှုတွေ နက်နက်ရှိုင်းရှိုင်း ပျက်ပြားလာနေတယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုပါတယ်။

ဝန်ကြီး ကလင်တန်ဟာ အင်္ဂါနေ့မှာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်မှာ ကျင်းပမယ့် အာဖဂန်နစ္စတန်ဆိုင်ရာ နိုင်ငံတကာ ညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG