သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေဘေး အမေရိကန်က ဒေါ်လာ ၁၀ သန်း ကူညီမည်

ရေဘေးဒဏ် ခံနေရတဲ့ ပါကစ္စတန် နိုင်ငံသားတွေနဲ့အတူ အမေရိကန် နိုင်ငံဘက်က ရပ်တည်မှာဖြစ်ပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီငွေ အမေရိကန် ဒေါ်လာ ၁၀ သန်းကို အစ္စလမ္မာဘတ်မှာရှိတဲ့ အမေရိကန် သံရုံးကတဆင့် ပေးဝေမယ့်အကြောင်း တနင်္ဂနွေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးရသူ အရေအတွက်ဟာ တနင်္ဂနွေနေ့မှာ ၁,၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ အခုထိ သောင်းနဲ့ချီတဲ့ ရေဘေးဒုက္ခသည် ရွာသားတွေကို အကူအညီ ပေးနိုင်ဖို့အတွက် ကယ်ဆယ်ရေး လုပ်သားတွေ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပတ်တွန်ခွါ (Khyber-Pakhtunkhwa) ခရိုင်မှာ ရက်သတ္တ တပတ်ကြာ မိုးသည်းထန်မှုကို အဆိုးဝါးဆုံး ခံခဲ့ရပြီး ပျက်စီးမှုဟာ သိပ်ကို ကျယ်ပြန့်တယ်လို့ ဒေသ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

သေဆုံးသူဦးရေ တနေ့တခြား တိုးလာနေပြီး ဝမ်းလျှော ဝမ်းပျက် ရောဂါလို ရေသန့်မရမှုနဲ့ ဆက်နွယ်ပြီး ဖြစ်ပွားတတ်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်ပွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ထောင်နဲ့ချီတဲ့ အိမ်တွေနဲ့ လယ်မြေပေါင်း များစွာလည်း ပျက်စီးခဲ့ရပါတယ်။

ပါကစ္စတန်နိုင်ငံတဝန်း ရေဘေးအန္တရာယ် ခံရသူ ဒုက္ခသည်ပေါင်း ၁,၀၀၀,၀၀၀ ကျော်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

This item is part of
XS
SM
MD
LG