သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ကူညီသူ ၆ ဦး အမေရိကန် စွဲချက်တင်


တာလီဘန် ကူညီသူ ၆ ဦး အမေရိကန် စွဲချက်တင်
တာလီဘန် ကူညီသူ ၆ ဦး အမေရိကန် စွဲချက်တင်

အမေရိကန် အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ပါကစ္စတန်နီ (Pakistani) တာလီဘန် အဖွဲ့ကို ပံ့ပိုးကူညီမှု၊ ငွေကြေးထောက်ပံ့မှုတို့နဲ့ လူ ၆ ယောက်ကို အမေရိကန် အစိုးရက တရားစွဲလိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ကြတဲ့ ပါကစ္စတန်နွယ်ဖွား အမေရိကန် နိုင်ငံသား ၃ ယောက်ကို ဖမ်းဆီးပြီး ပြည်ထောင်စု တရားခုံရုံးရဲ့ ခုံသမာဓိ အဖွဲ့ကနေ စွဲချက်တင်လိုက်တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ပါကစ္စတန် နိုင်ငံထဲမှာ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

စွဲချက်တင်ခံရသူ ၆ ယောက်လုံးဟာ ပါကစ္စတန်က စစ်သွေးကြွတွေနဲ့ စစ်သွေးကြွတွေရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့နဲ့ လက်နက်တွေ ဝယ်ယူဖို့ အစီအစဉ်တကျ ဘဏ်စာရင်းတွေဖွင့်ပြီး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပို့ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲပါတယ်။

ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာရှိတဲ့ ဖလက်ဂ်လာ (Flagler) ဗလီက အသက် ၇၆ နှစ်အရွယ် တရားဟောဆရာ ဟာဖစ်ဇ် မိုဟာမက် ရှားအလီခန်း (Hafiz Muhammed Sher Ali Khan) ဟာဆိုရင် စစ်သွေးကြွတွေရှိတဲ့ ပါကစ္စတန် ဆွပ် (Swat) တောင်ကြားဒေသမှာ အစ္စလာမ် ဘာသာရေးကျောင်း မာဒရာစာ (Madrassa) တခုကို ဖွင့်ခဲ့တယ်လို့လည်း အမေရိကန်က ပြောပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ နောက်ထပ် ၂ ယောက်ကတော့ တရားဟောဆရာ ဟာဖစ်ဇ်ရဲ့ သား ၂ ယောက် ဖြစ်ကြတဲ့ တခြား ဗလီတခုက တရားဟောဆရာ အစ်ဇ်ဟာ ခန်း (Izhar Khan) နဲ့ အာဖန် ခန်း (Irfan Khan) တို့ ဖြစ်ကြပါတယ်။

ပါကစ္စတန်ထဲမှာ လွတ်နေဆဲဖြစ်တဲ့ ၃ ယောက်ကတော့ ဟာဖစ်ဇ် ခန်း (Hafiz Khan) ရဲ့ သမီးအကြီး အမီနာ ခန်း (Amina Khan) နဲ့ သူ့ရဲ့သား အလမ် ဇက်ဘ် (Alam Zeb)၊ ကျန်တဲ့ ၁ ယောက်ကတော့ အလီ ရေမန် (Ali Rehman) တို့ ဖြစ်ပါတယ်။ ဒီ ၆ ယောက်လုံးဟာ လူသတ်မှု၊ ထိခိုက်အနာတရ ဖြစ်စေမှု၊ ပြန်ပေးဆွဲမှုတွေမှာ ပူးပေါင်း ကြံစည်ကြသူတွေ ဖြစ်သလို ပါကစ္စတန်နီ တာလီဘန် အဖွဲ့ကိုလည်း ငွေကြေးထောက်ပံ့နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

အဲဒီအဖွဲ့ဟာ ပါကစ္စတန် အစိုးရကို ဆန့်ကျင်နေတဲ့အဖွဲ့ ဖြစ်ရုံမက အမေရိကန် အကျိုးစီးပွား အများအပြားကို တိုက်ခိုက်မှုတွေ လုပ်တယ်လို့ ဝန်ခံပြောထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါး (Al Qaida) အဖွဲ့ခေါင်းဆောင် ဘင်လာဒင်ကို ပါကစ္စတန်ထဲမှာ အမေရိကန်တို့ သုတ်သင်ခဲ့တဲ့အပေါ် လက်စားခြေတဲ့ အနေနဲ့ အခုသီတင်းပတ်ထဲမှာပဲ ပါကစ္စတန် စစ်လေ့ကျင့်ရေးကျောင်းမှာ အသေခံ ဗုံးခွဲမှုကို သူတို့အဖွဲ့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဗုံးခွဲမှုမှာ လူပေါင်း ၈၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

အခု အမေရိကန် အစိုးရက စွဲချက်တင်ထားသူတွေ အနေနဲ့ အပြစ်ရှိတယ်လို့ တရားရုံးက တွေ့ရှိရင် ထောင်ဒဏ် ၁၅ နှစ်စီအထိ ကျခံရနိုင်ပါတယ်။

XS
SM
MD
LG