သုံးရလွယ်ကူစေသည့် Link များ

ကွန်ပျူတာ ပြဿ နာကြောင့် အမေရိကန်သံရုံးတွေ ပတ်စပို့နဲ့ ဗီဇာ ထုတ်မပေးနိုင်


အမေရိကန်ပတ်စပို့နဲ့ ဗီဇာ။

ကွန်ပျူတာပြဿနာကြောင့် ကမ္ဘာတ၀ှမ်းရှိ အမေရိကန်သံရုံးတွေအနေနဲ့ ပတ်စ်ပို့နဲ့ ဗီဇာတွေ ထုတ်ပေးမှုမှာ ကြန့်ကြာမှုနဲ့ ကြုံတွေ့နိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

စနေနေ့က စတင်တွေ့ရှိခဲ့တဲ့ အဲ့ဒီကွန်ပြူတာပြဿနာကြောင့် လူသန်းပေါင်းများစွာတို့အနေနဲ့ အမေရိကန်ခရီးသွား စာရွက်စာတမ်း ထုတ်ပေးမှုကို စောင့်ကြရမှာဖြစ်တဲ့အကြောင်း ၀ါရှင်တန်ရှိ အစိုးရအရာရှိတွေက ပြောပါတယ်။

ဒီကွန်ပြူတာပြဿနာဟာ ကမ္ဘာတ၀ှမ်းလုံးမှာ ဖြစ်နေပြီး ဘယ်နိုင်ငံ၊ ဘယ်စာရွက်စာတမ်း၊ ဘယ်ဗီဇာ အမျိုးအစားနဲ့ ပတ်သက်ပြီး သီးခြားဖြစ်နေတာ မဟုတ်ကြောင်းလည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf ကပြောပါတယ်။

အခုလို ကွန်ပြူတာပြဿနာကြောင့် အမေရိကန် ပတ်စ်ပို့၊ ဗီဇာနဲ့ နိုင်ငံခြားမှာ အမေရိကန် နိုင်ငံသားမွေးဖွားမှုတွေကို မှတ်ပုံတင်မှုတွေလည်း ကြန့်ကြာစေမှာ ဖြစ်တယ်လို့ မစ် Harf ကပြောပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကြိုးပမ်းနေကြောင်းနဲ့ ဘယ်အချိန်မှာ ပြင်ဆင်ပြီးစီးနိုင်မယ်လို့ အတိအကျ မပြောခဲ့ပါဘူး။ ဒီကွန်ပြူတာပြဿနာဟာ Database မှာ လျှောက်လွှာရှင်တွေ များလွန်းနေတဲ့အတွက် ဖြစ်ရကြောင်း မစ် Harf ကပြောပါတယ်။

တနိုင်ငံတည်းမှာပဲ လျှောက်လွှာရှင်ပေါင်း ၅ သောင်းရှိတာ တွေ့ရတယ်လို့ အမေရိကန်အစိုးရ အရာရှိတဦးက ပြောပါတယ်။ အဲ့ဒီ Database တွေက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်တမ်းစာရင်း ပြုစုထားတာဖြစ်ပြီး ခွင့်ပြုချက်တွေပေးဖို့၊ မှတ်တမ်းတင်ဖို့၊ ဗီဇာနဲ့ တခြားစာရွက်စာတမ်းတွေကို ရိုက်နှိပ်ထုတ်ပေးဖို့ အသုံးပြုတာ ဖြစ်ပါတယ်။

လျှောက်လွှာရှင်အားလုံးကို အမျိုးသားလုံခြုံရေးအရ စိစစ်မှုတွေ ပြုလုပ်ရတာ ဖြစ်ပါတယ်။ လျှောက်လွှာရှင်အားလုံးကို အမေရိကန်ပြည်ထောင်စုက တောင်းပန်တဲ့အကြောင်းနဲ့ ဗီဇာနဲ့ပတ်စ်ပို့ ထုတ်ပေးဖို့ စောင့်နေကြသူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်နိုင်တာကိုလည်း သဘောပေါက်နားလည်တဲ့အကြောင်း မစ် Harf ကပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG