သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေး လေယာဉ် ဖိလစ်ပိုင် လက်ခံဖို့စဉ်းစား


ထောက်လှမ်းရေး လေယာဉ် ဖိလစ်ပိုင် လက်ခံဖို့စဉ်းစား
ထောက်လှမ်းရေး လေယာဉ် ဖိလစ်ပိုင် လက်ခံဖို့စဉ်းစား

တောင်တရုတ် ပင်လယ်ပြင်ထဲက အငြင်းပွားနေတဲ့ နယ်မြေဒေသကို ဖိလစ်ပိုင်နိုင်ငံက ကင်းလှည့်ရာမှာ ပိုမိုထိရောက်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ထောက်လှမ်းရေး လေယာဉ်တွေ ချထားပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ စဉ်းစားနေတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Voltaire Gazmin က သောကြာနေ့က ပြောပါတယ်။

သဘာ၀ သယံဇာတ ပေါကြွယ်ဝတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲက Spratly ကျွန်းစုဒေသ ပိုင်ဆိုင်မှု အငြင်းပွားနေရာမှာ တခြားသော ဒေသတွင်း နိုင်ငံတွေလိုပဲ ဖိလစ်ပိုင်ကလည်း သူတို့ တစိတ်တပိုင်း ပိုင်ဆိုင်တယ်လို့ ပြောနေတာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံက သူတို့ ပိုင်ဆိုင်ကြောင်းကို အင်အားသုံးလာတဲ့အထိ တိုးမြှင့် ပြသလာပါတယ်။

ဖိလစ်ပိုင်နဲ့အတူ ဗီယက်နမ် နိုင်ငံကလည်း တရုတ်နိုင်ငံဟာ အဲဒီဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရဖို့အတွက် အင်အားသုံး နှောက်ယှက်မှုတွေ လုပ်လာတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်အရာရှိတွေဟာ ကြာသပတေးနေ့က ဝါရှင်တန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် လာမယ့် မတ်လထဲကျရင်လည်း ထပ်ပြီးဆွေးနွေးဖို့ပါ စီစဉ်ထားပါတယ်။

ဖိလစ်ပိုင်အနေနဲ့ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်နေတာတွေကို အကြိမ် ပိုတိုးလုပ်ဖို့ ဆန္ဒရှိနေတယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ပြောပါတယ်။ ဒါဟာ အမေရိကန်နဲ့ မဟာမိတ်အဖြစ် ရပ်တည်နေမှုကို ပိုမို ကြီးထွားလာစေဖို့ ဖိလစ်ပိုင်အတွက် အခွင့်အလမ်းကောင်း တစ်ခုဖြစ်တယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အယ်လ်ခိုင်ဒါးနဲ့ ဆက်နွယ်နေတဲ့ ဒေသတွင်းက အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းရာမှာ အကြံပေးဖို့ အမေရိကန်က အထူးတပ်သား ၆၀၀ လောက်ကို ဖိလစ်ပိုင်နိုင်ငံထဲမှာ တာဝန်ချထားပါတယ်။

XS
SM
MD
LG