သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Duterte အပြောကြမ်းမှုအပေါ် အမေရိကန်တုံ့ပြန်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က အမေရိကန် သမ္မတ Back Obama ကို “သေလိုက်တော့” ဆိုပြီး နောက်တကြိမ် ခပ်ရိုင်းရိုင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး - အမေရိကန်သမ္မတ အိမ်ဖြူတော်က တုံ့ပြန်လိုက်ပါတယ်။

အခုလို မှတ်ချက်ပေး ပြောဆိုမှုတွေဟာ ဖိလစ်ပိုင်နဲ့ အမေရိကန် ပြည်သူတွေကြားက နွေးထွေးတဲ့ ရင်းနှီးမှုတွေနဲ့ ဆန့်ကျင်နေပါတယ်။ ဒါပေမဲ့လည်း ၂ နိုင်ငံအစိုးရကြား အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းတွေရှိခဲ့သလို၊ ဒူတာတေးအစိုးရ လက်ထက်မှာလည်း ဆက်လက်ဆောင်ရွက်နေ တာတွေ ရှိနေတဲ့အကြောင်း အင်္ဂါနေ့က ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ပြောဆိုခဲ့တာပါ။

၂ နိုင်ငံစလုံးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဖိလစ်ပိုင်နဲ့ အမေရိကန်လူထုအလွှာပေါင်းစုံ အပါအဝင် ၂ နိုင်ငံ လူထုကြား နှစ်ပေါင်း ၇၀ ကြာ အပြန်အလှန်ခိုင်မာတဲ့ ဆက်ဆံရေးတွေနဲ့ အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားတာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ - သမ္မတ ဒူတာတေးက EU ဥရောပသမဂ္ဂကိုလည်း “ကြိုက်တဲ့ အနိဌာရုံကို ရွေး၊ ငရဲပြည်မှာတော့ နေရာ မရှိတော့ဘူး” ဆိုပြီး ခပ်ရိုင်းရိုင်း ပြောသွားပါသေးတယ်။ ၃ လအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုကို အနောက်နိုင်ငံတွေက ဝေဖန်ခဲ့တဲ့အပေါ် မစ္စတာ ဒူတာတေးက အခုလို တုံ့ပြန်နေတာ ဖြစ်ပါတယ်။

သမ္မတ တာဝန်စတင်ထမ်းဆောင်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ ဒူတာတေးဟာ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုတွေကို ကိုလိုနီ အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေအဖြစ်နဲ့ ပုံဖော် ပြောဆိုလာနေတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်တဲ့ အင်္ဂါနေ့မှာပဲ ဒူတာတေးရဲ့ ခပ်ရိုင်းရိုင်းမှတ်ချက်စကား ထွက်လာခဲ့တာပါ။ အမေရိကန်နဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေဟာ သူ့ရဲ့ ၆ နှစ်တာ သမ္မတသက်တမ်းအတွင်းမှာ နောက်ဆုံး ဖြစ်လိမ့်မယ်လို့လည်း ဒူတာတေးက ပြောပါတယ်။

အမေရိကန်နဲ့ နှစ်ပေါင်းများစွာ စစ်ရေး ပူးပေါင်းဆောင်ရွက်လာတာတွေကို လျှော့ချပြီး ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ပိုမို နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက် သွားမယ်လို့လည်း သူက ထပ်ခါတလဲလဲ ခြိမ်းခြောက် ပြောဆိုနေတာပါ။ အခုလို မှတ်ချက်စကားတွေကြောင့် အရှေ့အာရှဒေသတွင်း အမေရိကန်ရဲ့ အရေးကြီးဆုံး မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။ သမ္မတ ဒူတာတေးအနေနဲ့ ခုလို အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုနေပေမဲ့လည်း လက်တွေ့မှာတော့ ဘာမှလုပ်ဆောင်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG