သောကြာနေ့က နယူးယောက်မြို့မှာ အမေရိကန်သမ္မတနဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အလံကို ဇောက်ထိုး လွှင့်ထူထားမိတဲ့အတွက် အမေရိကန်က ဖိလစ်ပိုင်ကို တောင်းပန်လိုက်ပါတယ်။
အလံဇောက်ထိုး လွှင့်မိတာဟာ ရိုးရိုးသားသား လုပ်မိတဲ့ အမှားတခုသာ ဖြစ်ပါတယ်လို့ ဖိလစ်ပိုင်က အမေရိကန်သံရုံး ပြောခွင့်ရသူက ပြောပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား (Obama) နဲ့ ဘေးချင်းကပ် ထိုင်နေတဲ့ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အကွီနို (Benigno Aquino) ရဲ့နောက်မှာ လွှင့်ထားတဲ့ အလံက အပေါ်အောက် ပြောင်းပြန် ဖြစ်နေတာပါ။ အပြာတခြမ်း၊ အနီတခြမ်း ပုံစံမျိုး ဖိလစ်ပိုင်အလံမှာ အမှန်က
အပြာရောင် အခြမ်းက အပေါ်ဘက်မှာ ရှိနေရမှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် ထုံးစံအရ အပြာရောင်အခြမ်း အပေါ်မှာ ရှိနေတာဟာ ငြိမ်းချမ်းမှု သင်္ကေတ ဖြစ်ပါတယ်။ အနီရောင်အခြမ်းကို အပေါ်မှာထားပြီး အလံကို လွှင့်ထားရင် စစ်ဖြစ်နေတယ်၊ ပြဿနာ ဖြစ်နေတယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။
အမေရိကန်မှာ ဖိလစ်ပိုင်အလံကို အပေါ်အောက်မှားပြီး လွှင့်ထူခဲ့မိတဲ့ အမှားကို နားလည်နိုင်ပါတယ်လို့ ဖိလစ်ပိုင်အစိုးရ ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။