အမေရိကန်နိုင်ငံ အရှေ့ခြမ်းက ဗာဂျီးနီးယား ပြည်နယ်အတွင်း အမေရိကန်ရေတပ်က အမောင်းသင် တိုက်လေယာဉ်တစင်း လူနေ တိုက်ခန်း တခုပေါ်ကို မနေ့က ပျက်ကျသွားပြီးနောက် ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ ပျောက်ဆုံးနေသူ ၃ ဦးကို လိုက်လံ ရှာဖွေနေကြပါတယ်။ အဲဒီ တိုက်လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ပေါ် ပါလာတဲ့ လေသူရဲ ၂ ဦးအပါအ၀င် လူ ၇ ဦး ထိခိုက် ဒဏ်ရာရသွားခဲ့တာပါ။
လေယာဉ် ပျက်မကျခင်မှာ လေသူရဲ ၂ ဦးဟာ လေယာဉ်ပေါ်က ခလုတ်နှိပ်ပြီး ခုန်ထွက် လွှတ်မြောက် သွားကြတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ လေသူရဲတဦးကလွဲလို့ ဒဏ်ရာရသူ အားလုံးဟာ ဆေးကုသမှုခံယူပြီး ဆေးရုံက ပြန်ဆင်းသွားကြပြီ ဖြစ်ပါတယ်။
အဲဒီ တိုက်လေယာဉ် ပျက်ကျသွားခဲ့တဲ့ အတ္တလန္တိတ် သမုဒ္ဒရာအနီး ဗာဂျီးနီးယား ပြည်နယ် အပန်းဖြေ ကမ်းခြေက ပျက်စီးသွားတဲ့ လူနေတိုက်ခန်း တွေအကြား ရှာဖွေမှုတွေ ပြီးစီးသွားပြီးအထဲမှာ လူတွေ ကျန်နေတယ် ဆိုရင်လည်း အသက်ရှင်နိုင်စရာ အခွင့်အလမ်း သိပ်မရှိဘူးလို့ ရဲတပ်ဖွဲ့ အကြီးအကဲက သောကြာနေ့ ညနေပိုင်းမှာ ပြောပါတယ်။
အဲဒီ လေယာဉ် ပျက်ကျခဲ့တဲ့နေရာက တိုက်ခန်းတွေဟာ သက်ကြီးရွယ်အိုတွေ အများစု နေထိုင်တဲ့ နေရာဖြစ်ပြီး တိုက်ခန်းအတော်များများ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်လေယာဉ်ဟာ လေဆိပ်က ထွက်လာပြီး သိပ်မကြာခင်မှာပဲ ပျက်ကျသွားခဲ့တာကြောင့် မီးခိုးလုံးတွေ မိုးပေါ်ကို ထောင်တက်သွားခဲ့တာပါ။