ထင်ရှားကျော်ကြားတဲ့ အမေရိကန် ကဗျာဆရာမကြီးလည်းဖြစ်၊ စာရေးဆရာမလည်းဖြစ်၊ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ Maya Angelou ဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
I know why the Caged Bird Sings ဒီလှောင်အိမ်ထဲက ငှက်ငယ်ဘာကြောင့် တေးသီလဲဆိုတာ ငါသိပြီဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ရေးသားသူ စာရေးဆရာမကြီးဟာ North Carolina ပြည်နယ် Winston-Salem မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူမဟာ Missouri ပြည်နယ် Saint Louis မှာ မွေးဖွားပြီး၊ ငယ်ရွယ်စဉ်အချိန် အတော်များများမှာ Arkansas ပြည်နယ်မှာ နေထိုင်ခဲ့ပါတယ်။ သူဟာ ငယ်စဉ် ကလေးဘ၀မှာ လိင်ပိုင်းဆိုင်ရာ စော်ကားအနိုင်ကျင့်ခံရပြီး ငါးနှစ်လောက် စကားမပြောဘဲ နေခဲ့ပါတယ်။
ဒီနောက် သူဟာ စားပွဲထိုး၊ စားဖိုမှူး၊ ကားစပါယ်ယာ စသဖြင့် အလုပ်အမျိုးမျိုး လုပ်ကိုင်ပြီး ဘ၀ကို ရပ်တည်ခဲ့သူပါ။ ဒါပေမဲ့လည်း အနုပညာကို ချစ်မြတ်နိုးမှု၊ ဂီတ၊ ပြဇာတ်နဲ့ အက လေ့လာမှုတွေကိုလည်း တောက်လျှောက် မပြတ်ခဲ့ပါဘူး။ သူမရဲ့ ကလေးငယ် ဘ၀ဇတ်ကြောင်းကို စာရေးဆရာ James Baldwin နဲ့ အခြားသူတွေ သိရှိလာပြီးတဲ့နောက်ပိုင်းမှာ Angelou ရဲ့ စာပေအနုပညာ စတင်လာတယ်ပြောရမှာပါ။
သူတို့က သူ့ကို စာတွေရေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် Bill Clinton သမ္မတဖြစ်တော့ သူ့သမ္မတကျမ်းသစ္စာဆိုပွဲအတွက် Maya Angelou ကို ကဗျာ စပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။