သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ မြန်မာမူဝါဒ ရှေ့မတိုး


အမေရိကန်ရဲ့ မြန်မာမူဝါဒ ရှေ့မတိုး
အမေရိကန်ရဲ့ မြန်မာမူဝါဒ ရှေ့မတိုး

နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုတွေ မရှိတဲ့အတွက် ထိတွေ့ဆက်ဆံမှုတွေလည်း ရှေ့မတိုးနိုင်ဘဲ ဖြစ်နေရတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာမျိုးလို နိုင်ငံရေး၊ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာစစ်အစိုးရဘက်က လုပ်ဆောင်ဖို့ လိုနေသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ကြာသပတေးနေ့ ဝါရှင်တန်မြို့က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

“ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ ကျနော်တို့ ကြိုးပမ်းနေတာတွေဟာ ဝန်ခံရမယ် ဆိုရင်တော့ တိုးတက်မှုတွေ၊ အသီးအပွင့်တွေ များများစားစား ထွက်ပေါ်လာတာ မရှိပါဘူး။ ဒါပေမဲ့လည်း သိတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီဆန်တဲ့ ခြေလှမ်းတွေကို သိသိသာသာ လှမ်းဖို့အတွက်လည်း ကျနော်တို့က သူတို့အပေါ် ဆက်ပြီး ဖိအားပေးနေတာ ဖြစ်ပါတယ်။”

စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားပေမဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်သွားတဲ့ မူဝါဒတွေကိုပါ ကျင့်သုံးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒတွေရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဒီဇင်ဘာလ ၇ ရက်နေ့တုန်းက မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးလို ကိစ္စမျိုးတွေမှာ တိတိကျကျ သတ်မှတ်ချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားတဲ့ မူဝါဒမျိုး ချမှတ်သင့်တဲ့ အကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ မြန်မာ့အရေးကို တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်နိုင်ရင် ပိုမိုထိရောက်မှု ရှိနိုင်မယ့်အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ မေးမြန်းခန်း တခုအတွင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG