လက်ရှိ မြန်မာနိုင်ငံ အခြေအနေမှာ ရွေးကောက်ပွဲဟာ အပြစ်အနာအဆာ အလွန်များပြီး ဒီမိုကရေစီရေး ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲတစ်ခု လုပ်တာထက် ပိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က အာရှပစိဖိတ်ဆိုင်ရာ မူဝါဒ မိန့်ခွန်းမှာ ပြောသွားပါတယ်။ ဒါကြောင့် လာမယ့်အစိုးရသစ်ဟာ လက်ရှိ ရှိနေတဲ့ မူဝါဒအခြေအနေကနေ အပြောင်းအလဲ လုပ်ဖို့ လိုမယ်လို့ ပြောပါတယ်။ မြန်မာ့အတိုက်အခံတွေ ကတော့ ရွေးကောက်ပွဲအလွန် အစိုးရတစ်ရပ်ကနေ အပြောင်းအလဲ ကြီးကြီးမားမား ရှိလာလိမ့်မယ်လို့ မယူဆဘူးလို့ တုံ့ပြန်ပါတယ်။ အကြောင်းစုံကို မမေငြိမ်းက တင်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအပေါ် အခုလို မှတ်ချက်စကားအပေါ် ရွေးကောက်ပွဲကို လက်မခံတဲ့ အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူတွေကတော့ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လက်တွေ့ထိရောက်တဲ့ ကိုင်တွယ်မှုမျိုး လိုမယ်လို့ မြင်ကြပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် ရွေးကောက်ပွဲ အလွန် လွှတ်တော်တွေဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာစက် အောက်မှာပဲ တည်နေလိမ့်မယ်လို့ အရင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်၊ အဲန်အယ်လ်ဒီ ပါတီ ဒုဥက္ကဌလည်း ဖြစ်တဲ့ သူရဦးတင်ဦးက ပြောပါတယ်။
“ရွေးကောက်ပွဲထက် ဒီမိုကရေစီက အရေးကြီးတယ်ဆိုတာ အဲဒါတွေကတော့ အင်တန်ကောင်းတဲ့စကားတွေပါ။ ကျနော်တို့က ဒါတွေကတော့ ဒီမိုကရေစီအင်အားစုတွေအတွက် အများကြီး အထောက်အပံ့ကောင်း ဖြစ်တဲ့သဘောပဲဗျ။ အဲဒီပြောတဲ့အတိုင်း ဖြစ်လာဖို့တော့ ကြိုးစားဖို့လိုတာပေါ့လေ။ ဒီအတိုင်း သွားနေလို့ကတော့ဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်မှာ မဟုတ်ဘူး။ အခုထက်ထိ ပိုပြီး လမ်းခွဲပြီးတော့ လုပ်ရမယ်ဆိုတာက အခုလုပ်နေတာက ဒီမိုကရေစီလမ်းမှ မဟုတ်ဘဲ။ ဒီမိုကရေစီကျတဲ့ လမ်းစဉ်ကို လမ်းခွဲပြီး လုပ်ပါပြောတဲ့သဘောပဲ။ သူတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီနဲ့ပတ်သက်တာ တချက်မှ မပါဘဲနဲ့။ အမှန်ကတော့ ဗိုလ်ချပ်ကြီးက လွှတ်တော်ကို လွှမ်းမိုးဖို့ လုပ်တဲ့ဟာကြီးပဲ။ စစ်တပ်ခေါင်းဆောင် မဖြစ်တဲ့ပုဂ္ဂိုလ် အားလုံးဆိုတာက သူတို့အလုံးစုံ လုပ်နိုင်တယ်ဆိုတာတွေက ပြဌာန်းထားတဲ့ဟာတွေကတော့ လွှတ်တော်ကို လွှမ်းမိုးတာ။ ပြီးတော့ လွှတ်တော်က သဘောမကျလို့ အဲဒီဗိုလ်ချုပ်ကြီးကို ပြောရင် ဗိုလ်ချုပ်ကြီးက လွှတ်တော်ကပြောတဲ့ကိစ္စ အ၀၀ဟာ ဘယ်အထောက်အထားနဲ့ ပြောတာလဲ။ ဘယ်အခြေခံ ပြောတလဲ။ အဲဒါနဲ့ပတ်သက်တာ အားလုံးကို အထောက်အထား ခိုင်မာအောင်လုပ်ဖို့ဆိုတာက လွှတ်တော်မှာရှိတယ်ဆိုပြီးတော့ သူက အမိန့်ပေးတဲ့သဘောပါတယ်။ အခု ဖွဲ့စည်းပုံက။ အဲဒါနဲ့ပတ်သက်တာက ဘယ်နည်းနဲ့မှ ဒီမိုကရေစီ မရောက်ဘူး။ အဲဒါကြောင့်မိုလို့ ဒီလိုသွားတဲ့ပုံစံနဲ့ကတော့ မဖြစ်ဘူး။”
နောက်တက်လာမယ့် အစိုးရတရပ်အနေနဲ့ လက်ရှိမူဝါဒ အခြေခံကနေ အပြောင်းအလဲ ဖြစ်လာမယ့်ပုံ မရှိဘူးဆိုတာကို ရွေးကောက်ပွဲ ၀င်မယ့် ဒီမိုကရေစီအုပ်စုတွေ ဖက်ကလည်း ယူဆပါတယ်။ ဒါပေမဲ့လို့ အမေရိကန်လိုနိုင်ငံမျိုးက ဒီမိုကရေစီ စံနှုန်းထားအတိုင်းတော့ မြန်မာနိုင်ငံကို ထည့်တွက် စဉ်းစားလို့မရဘူးလို့ အမျိုးသားဒီမိုကရေစီ အင်အားစု ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။
“စံနှုန်းကိုပြောတဲ့နေရာမှာ အမေရိကန်အနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီပြည့်ဝနေတဲ့ နိုင်ငံတခုနဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ စံနှုန်းနဲ့က ကျနော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေ စံနှုန်းနဲ့တော့ ကွာလိမ့်မယ်ဗျ။ အဲဒါကတော့ ဒီလို တည့်တိုး ကျနော်တို့ နှိုင်းယှဉ်လို့တော့ သိပ်ပြီးတော့ မလွယ်ဘူးလို့ ကျနော်တို့ ထင်တယ်။ ကျနော်တို့က ဘယ်လိုအခြေအနေကနေ ကုတ်ကပ်တက်ပြီးတော့ ဘယ်လို အခြေအနေ ဖြစ်အောင် ကျနော်တို့ ကြိုးစားနေရတယ်ဆိုတာ ကျနော်တို့ပဲ သိတယ်ဗျ။”
လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံရေးရာ မူဝါဒမှာတော့ မြန်မာအစိုးရကို အရေးယူ အပြစ်ပေးတာနဲ့တပြိုင်တည်း အစိုးရနဲ့ ထိစပ်ဆက်ဆံသွားဖို့ ဆိုတာလည်း ပါရှိပါတယ်။ ဒီနှစ်ရပ်စလုံးဟာ လုပ်သင့်တဲ့ ချည်းကပ်မှုမျိုး ဖြစ်ပေမဲ့ ထိစပ်ဆက်ဆံရေးမှာ တိုးတက်မှုစံကို သတ်မှတ် စောင့်ကြည့်ဖို့ လိုတယ်လို့ ဦးတင်ဦးက ယူဆပါတယ်။
“အမှန်က ဆက်ဆံစရာရှိတာ ဆက်ဆံ၊ လုပ်စရာရှိတာလုပ်ပါ။ ပြောစရာရှိတာပြောပါ။ ဒါကရတယ်။ သို့သော် တစ်ခုရှိတယ်။ သူတို့ပြောတဲ့ ဆိုတဲ့ အကြောင်းအရာ အ၀၀က ဘယ်လောက် တိုးတက်လာသလဲ။ အဲဒီ တိုးတက်လာတဲ့အပေါ်မှာပဲ ဆောင်ရွက်သွားဖို့ လိုမယ်လို့ ကျနော်တို့က ဆွေးနွေးခဲ့တာ ရှိပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အခု အာရှခရီးစဉ် ထွက်နေပါပြီ။ အမေရိကန်အနေနဲ့ အာရှဒေသအတွင်းက မိတ်ဖက်နိုင်ငံတွေ မြန်မာအိမ်နီးချင်းနိုင်ငံတွေနဲ့ တွေ့ဆုံစဉ်မှာ မြန်မာ့ဒီမိုကရေစီရေး ကိစ္စကို ထည့်သွင်းဆွေးနွေးပြောဆိုဖို့ ရှိတယ်လို့ သိရပါတယ်။