အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးနေ့တွေ အဖြစ်နဲ့ မဲဆွယ်စည်းရုံး နေကြတဲ့ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ပြိုင်ဘက် ရီပက်ဘလစ်ကန် ပါတီ သမ္မတလောင်း မစ်ရွန်မနီ (Mitt Romney) တို့ဟာ ရွေးကောက်ပွဲ အတွက် အဓိက အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ယူဆထားကြတဲ့ ပြည်နယ်တွေမှာ အပြန်အလှန် မဲဆွယ်စည်းရုံး လှုပ်ရှားနေကြပါတယ်။ လူထုစစ်တမ်းတွေမှာတော့ ထောက်ခံမှုရဖို့ အကြိတ်အနယ် ကြိုးစားနေရတဲ့ ပြည်နယ်တွေဖြစ်ကြတဲ့ ကော်လိုရာဒို (Colorado)၊ ဖလော်ရီဒါ (Florida)၊ အိုဟိုင်းအိုး (Ohio) နဲ့ ဗာဂျီးနီးယား (Virginia) ပြည်နယ်တွေမှာ သမ္မတလောင်း ၂ ဦးအပေါ် ထောက်ခံမှုတွေဟာ မတိမ်းမယိမ်းပဲ ရှိနေတယ်လို့ ဖော်ပြနေကြတာပါ။
အိုဟိုင်းအိုး နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ သမ္မတ အိုဘားမားက အနည်းငယ် အသာစီး ရနေသလို၊ ကော်လိုရာဒို ပြည်နယ်မှာတော့ ပြိုင်ဘက် သမ္မတလောင်းက အသာရနေပြီး၊ ဖလော်ရီဒါ မှာတော့ သရေဖြစ်နေပါတယ်။ ဒီပြည်နယ် ၄ ခုဟာဆိုရင် သမ္မတလောင်းတွေ အတွက် အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ရရှိရေး အကြိတ်အနယ် လုနေကြရတဲ့ ပြည်နယ်တွေထဲမှာ ပါဝင်နေကြတာပါ။
အလားတူ ထောက်ခံမဲရဖို့ လုနေရတဲ့ နယူးဟမ်ရှား (New Hampshire) ပြည်နယ်က စနေနေ့ မဲဆွယ်ပွဲမှာတော့ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ရွန်မနီ က သမ္မတ အိုဘားမား အစိုးရလက်ထက် လွှတ်တော်တွင်း သဘောထား ကွဲလွဲမှုတွေ ကြုံခဲ့ရသူ၊ ဘဏ္ဍာရေး လိုငွေပြမှုတွေ ကြီးထွားအောင် လုပ်ခဲ့သူ၊ အောင်မြင်မှု မရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်သစ်ကို ဆောင်ရွက်ခဲ့သူ အဖြစ်နဲ့ ထိုးနှက် ဝေဖန်ခဲ့တာပါ။
သမ္မတ အိုဘားမား ကတော့ စနေနေ့ အိုဟိုင်းအိုး ပြည်နယ် စည်းရုံးရေး ခရီးစဉ်အတွင်း ပြိုင်ဘက်ကိုယ်စားလှယ် ရွန်မနီ ရဲ့ ဘဏ်တွေကို လုပ်ပိုင်ခွင့်တွေ ပိုပေးမယ့် မူဝါဒတွေ၊ ချမ်းသာသူတွေကို အခွန်သက်သာခွင့် ပေးမယ့် အစီအစဉ်တွေဟာ တိုင်းပြည်အတွက် အကျိုး မရှိဘူးဆိုပြီး ဝေဖန်သွားပါတယ်။ စနေနေ့မှာတော့ သမ္မတ အိုဘားမား ဟာ အိုဟိုင်းအိုး ပြည်နယ်အပြင် ၀စ်ကွန်ဆင် (Wisconsin), အိုင်အိုဝါ (Iowa) နဲ့ ဗာဂျီးနီးယား (Virginia) ပြည်နယ်တွေမှာ ဆက်လက် စည်းရုံးရေး ဆင်းခဲ့သလို၊ ပြိုင်ဘက်ဖြစ်တဲ့ ရွန်မနီ ကတော့ အိုင်အိုဝါ နဲ့ ကော်လိုရာဒို ပြည်နယ်တွေကို စည်းရုံးရေး ထွက်ခဲ့ပါတယ်။