သုံးရလွယ်ကူစေသည့် Link များ

ဒီမိုကရက်သမ္မတလောင်း အမည်တင်သွင်းဖို့ ကြိုးပမ်းမှု Clinton နဲ့ Sanders အကြိတ်အနယ်


ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် အရွေးခံဖို့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပြိုင်ဘက်တွေထဲက နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders တို့ဟာ အခုနောက်ဆုံး ဗုဒ္ဓဟူးနေ့ လူထုစစ်တမ်းအရ ဆိုရင်တော့ လူကြိုက်များမှု သိပ်မကွာတော့တာ တွေ့ရပါတယ်။

လာမယ့် တနင်္လာနေ့မှာ Iowa မှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းပွဲ ကျင်းပဖို့ ရှိပြီး၊ ဆိုရှယ်ဒီမိုကရက်လို့ သူ့ကိုယ်သူပြောတဲ့ မစ္စတာ Sanders က ဒီမိုကရက်တစ် ပါတီဝင်တွေရဲ့ ၄၉ % ထောက်ခံမှု ရနေပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန် နိုင်ငံခြာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စစ် ကလင်တန်ကတော့ ၄၅ % ရနေတယ်လို့ Quinnipiac တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Iowa မှာ ကျင်းပမယ့် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းမယ့် မဲပေးပွဲဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် လက်ရှိသမ္မတ Barack Obama နေရာကို ဆက်ခံမယ့် သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကန် ပါတီကြီး ၂ ရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို လပေါင်းများစွာကြာအောင် ရွေးချယ်တဲ့ပွဲတွေထဲမှာ ပထမဆုံး မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။

မစ္စစ် ကလင်တန်ကတော့ အိုဘားမားအစိုးရရဲ့ ပထမသက်တမ်းမှာ အဓိက အရေးပါတဲ့ အဖွဲ့ဝင်တဦးဖြစ်ပေမဲ့ မစ္စတာ Sanders ကတော့ သမ္မတ အိုဘားမားနဲ့ နီးကပ်တဲ့ ဆက်ဆံရေး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတ အိုဘားမားက မစ္စတာ Sanders ကို အိမ်ဖြူတော်မှာ တွေ့ဆုံပြီး နိုင်ငံခြားရေးမူဝါဒတွေ၊ စီးပွားရေးနဲ့ လက်ရှိ မဲဆွယ်မှု အခြေနေတွေကို ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့တာပါ။

မစ္စတာ Sanders ကို အခုလို မမျှော်လင့်ဘဲ မစ္စစ် ကလင်တန်နဲ့ သိပ်မကွာတဲ့ လူထုထောက်ခံမှု ရခဲ့တာဟာ ဒီမိုကရက်တစ် ပါတီအတွက် ကောင်းတယ်လို့ သမ္မတ အိုဘားမားက ယုံကြည်ကြောင်း သမ္မတ အိမ်ဖြူပြောခွင့်ရ Josh Earnest က ပြောပါတယ်။

XS
SM
MD
LG