သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန် သမ္မတလောင်း Romney ဗာဂျီးနီးယားစည်းရုံးရေး ခရီးစတင်


Republican သမ္မတလောင်း Mitt Romney နဲ့ သမ္မတ Barack Obama ပထမအကြိမ် စကားစစ်ထိုးအပြီးတွေ့ရစဉ်
Republican သမ္မတလောင်း Mitt Romney နဲ့ သမ္မတ Barack Obama ပထမအကြိမ် စကားစစ်ထိုးအပြီးတွေ့ရစဉ်
လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရ မယ့် ပြည်နယ်တွေဖြစ်တဲ့ ဗာဂျီးနီးယားနဲ့ ဖလော်ရီဒါ ပြည်နယ်တွေမှာ ဒီကနေ့ လူထု စုဝေးမှုကြီးတွေနဲ့ ရီပက်ပလစ်ကန် သမ္မတ ကိုယ်စားလှယ်လောင်း မစ်ရွန်မနီ နောက်တဆင့် မဲဆွယ်လှုပ်ရှားမှုတွေ အတွက် အားစိုက် ပြင်ဆင်နေသလို ပြီးခဲ့တဲ့ သမ္မတလောင်းနှစ်ဦးရဲ့ မျက်နှာချင်းဆိုင် အခြေအတင် စကားစစ်ထိုးပွဲမှာ သူ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တဲ့အရှိန်ကို ယူပြီး အမြတ် ကောင်းကောင်း ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဗုဒ္ဓဟူးနေ့က မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲတွေ မတိုင်ခင်အထိ သမ္မတ အိုဘားမားကို နောက်ကျကျန်နေတဲ့ မစ္စတာ ရွန်မနီ က အမေရိကန်ရဲ့ စီးပွားရေး အကျပ်အတည်း ပြန်လည် ကောင်းမွန်အောင် လုပ်ဖို့မှာ သမ္မတ အိုဘားမား ကို ယုံကြည်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူ့ကို ထောက်ခံသူတွေကို မနေ့က ပြောသွားခဲ့ပါတယ်။

တိုင်းပြည်မှာ အလယ်အလတ် လူတန်းစားတွေ ခေါင်းမဖော်နိုင်တာ ဘာကြောင့်လဲ၊ လူပေါင်း ၂၃ သန်းလောက် အလုပ်လက်မဲ့ဖြစ်နေတာ၊ ကောလိပ်ကျောင်းဆင်းပြီးသား ကျောင်းသား တဝက်လောက် အလုပ်အကိုင် ကောင်းကောင်း မရှာနိုင်တာ၊ လူ ၆ ယောက်မှာ တယောက် ဆင်းရဲသားစာရင်း ဝင်နေတာ၊ စသဖြင့် အချက်တွေကို ထောက်ပြီး ဒါတွေဟာ သမ္မတ အိုဘားမားကြောင့် ဖြစ်တယ်လို့ သူက ထိုးနှက် ပြောဆိုသွားပါတယ်။ မစ္စတာ အိုဘားမား သမ္မတ အဖြစ်စတင် တာဝန်ယူချိန်မှာ ထောက်ပံကြေးယူနေတဲ့သူ ၃၂ သန်းသာရှိရာကနေ ဒီကနေ့မှာဆိုရင် ၄၇ သန်းအထိ ရှိလာပြီလို့လည်း သူက ထောက်ပြ ထိုးနှက်ပါတယ်။
အမေရိကန် ၄၇ ရာခိုင်နှုန်းဟာ အစိုးရအပေါ်မှာ မီခိုနေရပြီး ဒီလူတွေဟာ သူတို့ကိုယ်သူတို့ ဓားစာခံတွေ အဖြစ် မြင်ကြတယ်လို့ မစ္စတာ ရွန်မနီ ပြောခဲ့တာကို လျှို့ဝှက် ရိုက်ကူးထားတဲ့ ဗွီဒီယို မှတ်တမ်းခွေကြောင့် ထိခိုက်ခဲ့ရတဲ့ အခြေအနေကို ပြန်လည် အဖက်ဆယ်နိုင်ဖို့ မစ္စတာ ရွန်မနီက ကြိုစားခဲ့တယ်လို့ တချို့က ဆိုကြပါတယ်။ ဒါပေမဲ့ မစ္စတာ ရွန်မနီကတော့ ဒီလို ပြောဆိုတာဟာ လုံး၀ မှားတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဗာဂျီးနီးယားနဲ့ အိုဟိုင်းအိုး ပြည်နယ်တွေက ကောလိပ်ကျောင်းတွေမှာ လူထုစုဝေးပွဲတွေ လုပ်ခဲ့တဲ့ သမ္မတ အိုဘားမားကလည်း သူ့ပြိုင်ဘက် မစ္စတာ ရွန်မနီဟာ စကားစစ်ထိုးပွဲအတွင်း သူ့ကိုယ်သူ နိုင်ငံရေးအမြင် မျှတသူအဖြစ် လူတွေကို ဟန်ဆောင် မဲဆွယ်လာနေတယ်လို့ ပြန်လည် ထိုးနှက်ခဲ့ပါတယ်။ တကယ့် မစ်ရွန်မနီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ချမ်းသာကြွဝသူတွေ ကို အလေးပေးတဲ့ အမေရိကန်ဒေါ်လာ ၅ ထရီလီယံအထိ အခွန် ဖြတ်တောက်မှုတွေ လုပ်မယ်လို့ ပြောခဲ့ပြီးတော့ အခုတကြိမ် စင်မြင့်ပေါ်မှာတော့ ဒါကို သူမသိသလို လုပ်ပြီး မဲဆွယ်နေတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းပတ် ငါးပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ အာရှနွယ်ဖွား အမေရိကန် နိုင်ငံသားတွေ ရဲ့ သုံးပုံတပုံလောက်ဟာ လက်ရှိ သမ္မတ ဘရက် အိုဘားမားကို မဲထည့်ရမလား၊ တဘက်ပြိုင်ဘက် ရီပက်ကလစ်ကန် သမ္မတလောင်း မစ်ရွန်မနီကို မဲပေးရမလား မဆုံးဖြတ်ကြရသေးဘူး ဆိုတာကို မကြာသေးခင်က ပြုလုပ်တဲ့ National Asian American စစ်တမ်းအဖွဲ့ရဲ့ လေ့လာချက်က ဆိုပါတယ်။
XS
SM
MD
LG