သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်မှု Trump နဲ့ Cruz အကြိတ်အနယ်


၂၀၁၆ အမေရိကန် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းမယ့် ပုဂ္ဂိုလ်ကို ရီပတ်ဘလစ်ကန်ပါတီက ပထမဆုံးအကြိမ် Iowa ပြည်နယ်မှာ မဲပေးဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ၊ ကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ကုဋေကြွယ်သူဌေးကြီး Donald Trump နဲ့ ရှေးရိုးစွဲဝါဒီ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့အကြောင်း နောက်ဆုံးကောက်ခံတဲ့ နိုင်ငံရေးစစ်တမ်းတွေက ဖော်ပြနေကြပါတယ်။

မကြာသေးခင် ရက်ပိုင်းမှာပဲ Quinnipiac တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ Iowa ပြည်နယ်မှာ နောက်သီတင်းပတ် တနင်္လာနေ့ ကျင်းပမယ့် ပါတီတွင်း အကြိုမဲပေး ရွေးချယ်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက မဲပေးခွင့်ရှိသူ ၃၁ ရာခိုင်နှုန်းက သူဌေးကြီး Trump ကို ထောက်ခံပြီး၊ ၂၉ ရာခိုင်နှုန်းကတော့ Cruz ကို ထောက်ခံထားကြတာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူထားတဲ့ စစ်တမ်းတွေမှာတော့ နယူးယောက်က အိမ်ခြံမြေ လုပ်ငန်းရှင်၊ ကာစီနိုလောင်းကစားရုံသူဌေး၊ ရုပ်မြင်သံကြား စီစဉ်တင်ဆက်သူ Trump က ပြိုင်ဘက် အထက်လွှတ်တော်အမတ် Cruz ထက် အသာရနေသလို၊ တခြား ကိုယ်စားလှယ် ၁၀ ဦးထက်လည်း အပြတ်အသတ် နေရာမှာ ရှိနေတာကြောင့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်နိုင်မယ့် အလားအလာ ရှိနေတာ တွေ့ရပါတယ်။

Quinnipiac တက္ကသိုလ်က စစ်တမ်းပြုစုသူတဦးဖြစ်တဲ့ Peter Brown ကတော့ ထိပ်တန်းနေရာမှာ ရှိနေကြတဲ့ Trump နဲ့ Cruz တို့ မကြာသေးခင် ရက်တွေအတွင်း နိုင်ငံရေးအရ အပြန်အလှန် ထိုးနှက်နေကြပေမဲ့ Iowa ပြည်နယ်က ရီပတ်ဘလစ်ကန် ပါတီတွင်း အကြိုရွေးကောက်ပွဲမှာ ဘယ်သူအသာရနိုင်တယ်ဆိုတာ ပြောဖို့မလွယ်ဘူးလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

XS
SM
MD
LG