သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ရဲ့ မဲဆွယ်ပုံ အိုဘားမားဝေဖန်


အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ် မှုတွေအတွင်း ရီပတ်ဘလစ်ကန်ပါတီမှာ ရှေ့ကနေ ဦးဆောင်နေတဲ့ Donald Trump က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အန္တရာယ်ဖြစ်စေတဲ့ ပြောဆို မှုတွေ ပြုလုပ်နေတဲ့အပေါ် ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း Hillary Clinton က ပြစ်တင် ဝေဖန်လိုက်ပါတယ်။
Chicago မြို့မှာ သောကြာနေ့ညက ပြုလုပ်ဖို့ရှိတဲ့ Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတခုမှာ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အနိုင်ကျင့်မှု၊ တယူသန်အမှုအကျင့်နဲ့ ခြိမ်းချောက်ပြောဆိုမှုတွေကို မဲဆန္ဒရှင်တွေအနေနဲ့ လက်မခံကြဖို့ Clinton က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
မီးခြစ်နဲ့ဆော့ကစားရင် ထိန်းသိမ်းလို့မရနိုင်တဲ့ မီးတွေ လောင်နိုင်တယ်လို့ ဥပမာပေးပြီး St. Louis မြို့မှာ သူ့မ Campaign အတွက် ကူညီလုပ်ဆောင်ပေးသူတွေကို ပြောကြားလိုက်တာပါ။
သမ္မတ Barack Obama က Dallas မြို့က ပါတီရန်ပုံငွေရှာပွဲတခုအတွင်းမှာ ပြောကြားရာမှာတော့ - သမ္မတရွေးကောက်ပွဲ ဝင်နေကြတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျောင်းကစားကွင်းအတွင်းမှာ ကစားနေသလို မမှန်သတင်းတွေကို လုပ်ကြံပြောဆိုနေတာထက် အမေရိကန်ပြည်ထောင်စုကြီး ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရေးအတွက် အာရုံစိုက်သင့်ကြောင်း၊ လူမျိုးနဲ့ ကိုးကွယ်ရာ ဘာသာမတူသူတွေအကြား ကွဲပြားမှု မဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း၊ အထူးသဖြင့် တခြား အမေရိကန်နိုင်ငံသား တဦးအပေါ် အကြမ်းဖက်မှု မပြုသင့်ကြောင်း ပြောပါတယ်။
စနေနေ့ အစောပိုင်းတုန်းကတော့ Chicago မြို့မှာ Donald Trump က ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ ပြစ်တင် ရှုတ်ချလိုက်ပြီး ကြိုတင်စီစဉ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရီပတ်ဘလီကန်ပါတီအတွင်းက သူ့ရဲ့ ပြိုင်ဖက်တွေကတော့ အဲဒီလို ဖြစ်ပေါ်လာအောင် Trump က စည်းရုံးရေး Campaign အတွင်း ပြောဆို သုံးနှုန်းခဲ့တဲ့ လေသံကြောင့်လို့ ပြောဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ သောကြာနေ့က Chicago မြို့မှာ ပြုလုပ်ဖို့ရှိတဲ့ သူ့ရဲ့ မဲဆွယ် စည်းရုံးပွဲ ပျက်ပြားအောင် ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း Bernie Sanders ကို ထောက်ခံသူတွေက ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ Donald Trump က ပြစ်တင် ပြောကြားလိုက်ပါတယ်။
အခမ်းအနားမကျင်းပခင် Trump ကိုထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က ဝင်ရောက် ဖြန်ဖြေပေးခဲ့ရတာပါ။ ဆန္ဒပြသူအများစုက Bernie – Bernie လို့အော်ဟစ်ခဲ့ကြပြီး၊ Bernie Sanders ရဲ့ပုံတွေကို ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG