သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wisconsin ရွေးကောက်ပွဲ Ted Cruz နဲ့ Sanders အခြေအနေကောင်း


ရီပတ်ဘလီကန်ပါတီက သမ္မတ ကိုယ်စားလှယ်လောင်း Ted Cruz နဲ့ ဒီမိုကရက်ပါတီက ကိုယ်စားလှယ်လောင်း Bernie Sanders တို့ ၂ ဦးဟာ သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေရဲ့ သူတို့ပါတီ အသီးသီးမှာ ရှေ့ကနေ ဦးဆောင်နေသူတွေကို Wisconsin ပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပတဲ့ ပါတီတွင်း ပဏာမ ရွေးချယ်မှုတွေမှာ အနိုင်ရပြီး အခြေအနေတွေကို ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

Wisconsin နယ်မှာ ပြုလုပ်တဲ့ ပါတီတွင်းရွေးချယ်မှုအတွက် မဲရုံတွေကို အင်္ဂါနေ့နှောင်းပိုင်းမှာ ပိတ်တော့မှာဖြစ်ပြီး နောက်ဆုံး ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ Cruz က ပါတီတွင်း ရှေ့ပြေးနေတဲ့ Donald Trump ကို ဦးဆောင်နေတယ်လို့ ဖော်ပြထားပြီး ဒီ ပြည်နယ်ရဲ့ ပါတီတွင်း ရွေးချယ်မှုဟာ အနိုင်ရသူက ကိုယ်စားလှယ်အားလုံးကို ရရှိမှာဖြစ်ပါတယ်။

ကုဋေကြွယ်သူဌေးကြီး Donald Trump သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာရေး တားဆီးလိုကြတဲ့ ရီပတ်ဘလီကန်တွေအတွက် ဒီရွေးချယ်ပွဲဟာ အရေးပါတဲ့ စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ Ohio ပြည်နယ် Cleveland မြို့မှာ ဇူလိုင်လအတွင်း ကျင်းပဖို့ရှိတဲ့ ပါတီ ညီလာခံမတိုင်ခင် လိုအပ်တဲ့ ကိုယ်စားလှယ် အရေအတွက် ၁,၂၃၇ ဦး မရနိုင်အောင် Trump ရဲ့ Campaign အရှိန်လျော့သွားအောင် လုပ်ဆောင်နိုင်ရေးအတွက်ဟာ Wisconsin ပြည်နယ်ဟာ အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။

Wisconsin ပြည်နယ်ဟာ ဒီမိုကရက် ပါတီအတွက်လည်း စမ်းသပ်မှုတခု ဖြစ်နေပါတယ်။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီတွင်း ရွေးချယ်မှု ၆ ခုမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders က ၅ ခုကို အနိုင်ရခဲ့တဲ့အတွက် လက်ရှိမှာ အရှိန်ကောင်းရနေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အနိုင်ရရှိထားတဲ့ ကိုယ်စားလှယ် အရေအတွက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဦးဆောင်နေပါတယ်။

Wisconsin ပြည်နယ်မှာ Bernie Sanders အနိုင်ရခဲ့မယ်ဆိုရင်တောင် သူ့အတွက် သိပ်သိသာတဲ့ အနိုင်ရရှိမှုမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ ဒီမိုကရက်ပါတီဟာ ရီပတ်ဘလီကန်လိုမဟုတ်ပဲ ယှဉ်ပြိုင်သူတွေအကြား အနိုင်ရတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး ကိုယ်စားလှယ်တွေကို ခွဲယူကြရတာကြောင့် ဖြစ်ပါတယ်။

XS
SM
MD
LG