သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်မှာ မနေ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားတဲ့ မြန်မာရွှေ့ပြောင်း အခြေချနေထိုင်သူတွေ အများအပြား မဲပေးခဲ့ကြပါတယ်။ သူတို့အနေနဲ့ နိုင်ငံသား တာဝန် ကျေပွန်စေ ဖို့အတွက် နှစ်သက်ရာ ဒီမိုကရက်နဲ့ ရီပါဘလစ်ကန် ပါတီနှစ်ခုစလုံးမှာ အသီးသီး မဲပေးခဲ့ကြတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ရီပါဘလစ်ကန်ပါတီတွင်း Ted Cruz နဲ့ Donald Trump တို့ နှစ်ဦးကတော့ အင်္ဂါနေ့က ရွေးချယ်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ တဦးနဲ့ တဦး အပြင်းထန်ဆုံး ဝေဖန်တိုက်ခိုက် ပြောဆိုခဲ့ကြတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

အင်ဒီးယားနားပြည်နယ်က ပါတီတွင်းသမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေဟာ အလွန်အရေးကြီးတာကြောင့် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သူတွေ အကြိတ်အနယ် အပြိုင်အဆိုင် ပြောဆိုစည်းရုံးနေကြတာကို သတင်းမီဒီယာတွေမှာ တွေ့မြင်နေရပါတယ်။ ဒီမိုကရက်ရော ရီပါဘလစ်ကန်ဘက်မှာပါ အသီးသီး မဲပေးခဲ့ကြတဲ့ မြန်မာဒုက္ခသည် ရွှေ့ပြောင်းအခြေချ နေ ထိုင်သူတွေထဲ ရီပါဘလစ်ကန်ပါတီက သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တဲ့ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကို မဲပေးခဲ့သူ ချင်းအမျိုးသမီးတဦးက သူ့အမြင်ကို အခုလို ပြောပြပါတယ်။

“သူကကျတော့ တည်ငြိမ်တယ်လို့ ကျမမြင်တယ်လေနော်။ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဆက်ဆံတဲ့အခါမှာလေ။ လူလူချင်း တန်ဖိုးထားတဲ့ အနေအထား အတိုင်းအတာပေါ်မှာလေ သူက စကားပြောမယ်လို့ ကျမ မြင်တယ်လေ။ Donald Trump ကကျတော့ ပြောချင်ရာ သူ ပြောချသွားမယ်။ ဘယ်သူ့မျက်နှာမှ မထောက်ဘူးဆိုတဲ့ ပုံစံမျိုး သူ့မှာရှိတယ်။ ဆိုတော့ နိုင်ငံတကာ လူကြီးတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ့်တိုင်းပြည် မျက်နှာငယ်ရမလားပေါ့။”

ဒီမိုကရက်ပါတီဘက်က သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို မဲပေးခဲ့သူ မြန်မာတိုင်းရင်းသား အကျိုးတော်ဆောင်ရုံးက ဒေါ်မင်းမင်းထွေးငယ်ရဲ့ အမြင်ကတော့ -

“ဒီမိုကရက်တစ်က Hillary Clinton ကို ပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက နံပါတ်တစ်အချက် သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီက ကျမတို့အတွက် မြန်မာနိုင်ငံအတွက်ရော တကမ္ဘာလုံးအတွက်ရော တစုံတရာ အရေးကြီးပါတယ်။ သူ သွားခဲ့တဲ့ သူ့ရဲ့နိုင်ငံရေး သမိုင်းကြောင်းနဲ့ သူ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ ကြည့်ခြင်းအားဖြင့် သမ္မတကောင်းတယောက် ဖြစ်လာဖို့ အများကြီး အလားအလာ ရှိပါတယ်။ ဒါကြောင့်မို့လို့ သူ့ကို မဲပေးခဲ့တာပါ။ ဒီနိုင်ငံမှာ နိုင်ငံသားအဖြစ် ခံယူထားပြီးတယ်ဆိုရင် ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားရဲ့တာဝန်ကိုတော့ ကျေဖို့ လိုတယ်လေ။ နိုင်ငံသားရဲ့တာဝန် ကျေပွန်ဖို့ဆိုတာက ပထမဆုံးအဆင့်က မဲပေးဖို့ပဲ။”

ရီပါဘလစ်ကန်ပါတီဘက်မှာ ရှေ့ဆုံးကပြေးနေတဲ့ ကုဋေကြွယ်သူဌေးကြီး Donald Trump ကတော့ Cruz ရဲ့ဖခင်ဖြစ်သူဟာ အမေရိကန်သမ္မတဟောင်း John F Kennedy ကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး ပြိုင်ဘက်ဖြစ်သူ အထက်လွှတ်တော်အမတ် Ted Cruz ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် သူရဲ့မဲဆွယ်စည်းရုံးပွဲမှာလည်း သူဟာ Ted Cruz ကို အနိုင်ရဖို့ အဆင်သင့်ပဲလို့ အခုလို ပြောသွားပါတယ်။

“ကျနော်တို့ သူ့ကို အဝေးကို မောင်းထုတ်ဖို့ မဲရုံတွေမှာ သွားပြီးမဲပေးကြပါစို့။”

အင်ဒီးယားနားပြည်နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့ Ted Cruz ကတော့ Trump ဟာ လိမ်ညာမှုတွေကို ပြောဆိုနေတဲ့ စိတ်မနှံ့တဲ့သူဖြစ်ပြီး၊ အမှန်နဲ့ အမှား ခွဲခြားသိမြင်မှု မရှိဘူးလို့ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ဒီလူဟာ အမြဲတမ်း လိမ်ညာနေသူ ဖြစ်ပါတယ်။ သူဟာ အမှန်တရားနဲ့ လိမ်လည်မှုရဲ့ ကွဲပြားခြားနားမှုကို မသိသူလည်း ဖြစ်တယ်။ သူ့ပါးစပ်က ထွက်လာတဲ့ စကားလုံးမှန်သမျှ အလိမ်အညာကြီးပါပဲ။”

ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းတွေအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton တို့ နှစ်ဦးကတော့ အင်ဒီးယားနားပြည်နယ် ရွေးချယ်ပွဲမှာ အကြိတ်အနယ် ဖြစ်နေပါတယ်။ Mrs. Clinton ကတော့ အားလုံး တိုးတက်ဖို့အတွက် သူ့အနေနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြည်နယ်မဲဆွယ်စည်းရုံးပွဲမှာ အခုလို ပြောသွားပါတယ်။

“လူတဦးချင်းစီ ရှေ့ကို တိုးတက်ဖို့ တိုင်းပြည်ရှေ့ကို တိုးတက်ဖို့မှာ အဟန့်အတား ဖြစ်နေတာတွေ အားလုံး ဖြိုချဖို့ ကျမ အဓိက လုပ်ဆောင်နေတာပါ။”

အင်ဒီးယားနားပြည်နယ်က ပါတီတွင်းသမ္မတလောင်း အကြိုရွေးချယ်ပွဲ နောက်ဆုံးသတင်းတွေအရ ရီပါဘလစ်ကန်ဘက်မှာ Donald Trump က အပြတ်အသတ် ထိပ်ဆုံးကပြေးပြီး ဒီမိုကရက်ပါတီဘက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ရှေ့က ရှိနေပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG