သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton နှင့် တရားသူကြီးတွေကို ခြိမ်းခြောက်ရာရောက်တဲ့ ပြောဆိုမှုကြောင့် Trump ဝေဖန်ခံရ


အမေရိကန်နိုင်ငံသားတွေ လက်နက်ကိုင်ဆောင်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၂ ကို ကိုးကားပြီး ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ရဲ့ အင်္ဂါနေ့ ကောက်ချက်ချပြောကြားမှုဟာ ပြိုင်ဘက် Hillary Clinton အပေါ် အကြမ်းဖက်တဲ့ ခြိမ်းခြောက်မှုအဖြစ် လူအများက အဓိပ္ပါယ်ကောက်ယူခဲ့ကြတဲ့အတွက် ပြင်းထန်တဲ့ အခြေအတင် ငြင်းပွားမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

North Carolina ပြည်နယ် Wilmington မြို့မှာ မဲဆွယ်လှုပ်ရှားစဉ် Trump က ဒီမိုကရက်သမ္မတလောင်း Hillary Clinton အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမေရိကန်နိုင်ငံသားတွေ လက်နက်ကိုင်ဆောင်ခွင့်ကို ပြန်လည်ရုပ်သိမ်းမယ့် သဘောထားအမြင် ပွင့်လင်းတဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးတွေကို ခန့်အပ်နိုင်တဲ့အကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကြုံကြိုက်တုန်းပြောချင်တာကတော့ သူ့အနေနဲ့ တရားသူကြီးတွေကို ခန့်ခွင့်ရှိမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၂ အရ လက်နက်ကိုင်ဆောင်ခွင့်ရှိတဲ့ လူတွေအတွက်ကတော့ တခုခုလုပ်နိုင်လည်း လုပ်နိုင်မှာပါ။ မပြောနိုင်ပါဘူးလေလို့ Donald Trump က ပြောသွားပါတယ်။

ခုလို ပြောကြားရာမှာ Trump အနေနဲ့ နောက်ပြောင်ပြီး ပြောသွားတာလားဆိုတာ သဲကွဲစွာ မသိပါဘူး။ ဒါပေမဲ့ သူ့ကို ဆန့်ကျင်သူတွေကတော့ ခုလိုပြောတာဟာ Clinton၊ ဒါမှမဟုတ် တရားသူကြီးတွေကို လုပ်ကြံသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်လို့ ထောက်ပြကြပါတယ်။

Clinton ရဲ့ မဲဆွယ်လှုပ်ရှားမှု မန်နေဂျာ Robby Mook ကတော့ Trump ရဲ့ ပြောစကားတွေဟာ အန္တရာယ်ရှိပြီး သမ္မတဖြစ်ဖို့ ကြိုးစားသူတဦးအနေနဲ့ အကြမ်းဖက်မှုကို ဘယ်လိုမှ အကြံမပေးသင့်ဘူးလို့ Twitter စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Trump ရဲ့ အခုလို ပြောကြားမှုကြောင့် facebook နဲ့ twitter လို သတင်းမီဒီယာ လူမှုကွန်ရက်တွေပေါ်မှာ ပြင်းထန်စွာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Trump ကတော့ အခုလိုသူပြောကြားရာမှာ အကြမ်းဖက်တဲ့ အတွေးအခေါ်တွေ မရှိခဲ့ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG