အမေရိကန်ပြည်ထောင်စုမှာ ၁၅ နှစ်အတွင်း ဆင်းရဲမွဲတေမှုနှုန်း အဆိုးဆုံး အဆင့်ကို ရောက်ရှိနေပြီးတော့ နှစ်ပေါင်း ၅၀ အတွင်းမှာ ဆင်းရဲတဲ့ လူဦးရေဟာလည်း အများဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ ပြည်ထောင်စု သန်းခေါင်စာရင်းဗျူရိုက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
၂၀၀၈ ခုနှစ်မှာ ဆင်းရဲမွဲတေမှုနှုန်း ၁၃.၂% ရှိရာက ၂၀၀၉ ခုနှစ်မှာ ၁၄.၃% အထိ မြင့်တက်သွားခဲ့တယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စု သန်းခေါင်စာရင်းဗျူရိုရဲ့ အစီရင်ခံစာက ဆိုပါတယ်။
၂၀၀၉ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုအတွင်း ဆင်းရဲတဲ့ အမေရိကန်ဦးရေ ၄၃.၆ သန်း ရှိခဲ့ပြီးတော့ ဒါဟာ ၂၀၀၈ ခုနှစ်ကထက် ဆင်းရဲတဲ့်ဦးရေ ၄,၀၀၀,၀၀၀ နီးပါး တိုးလာခဲ့တာ ဖြစ်ပါတယ်။
လူဦးရေ ၄ ယောက်ရှိတဲ့ မိသားစုတစုရဲ့ တနှစ်ဝင်ငွေဟာ ဒေါ်လာ ၂၂,၀၀၀ အောက်မှာ သို့မဟုတ် တလမှာ ၀င်ငွေ ၁,၆၅၀ အောက်မှာ ရှိနေရင် ဆင်းရဲမွဲတေတဲ့ အမေရိကန်တွေအဖြစ် သတ်မှတ်ပါတယ်။ ဒီကိန်းဂဏန်းတွေအရ ၂၀၀၉ ခုနှစ်က အမေရိကန်တွေဟာ ခက်ခဲတဲ့ ဘ၀တွေကို ရင်ဆိုင်ခဲ့ကြရတယ်လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဆိုပြီးတော့ ဒါပေမဲ့ ဒီ့ထက် ဆင်းရဲတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ကြရပြီးပြီလို့လည်း သူက ပြောပါတယ်။
အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေကို အစိုးရက ထောက်ပံ့မယ့် ဥပဒေကြမ်းကို စက်တင်ဘာ ၁၆ ရက်နေ့က အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးလိုက်တာကြောင့် အမေရိကန် စီးပွားရေး ပြန်ပြီး ဦးမော့လာမယ့် သမ္မတ အိုဘားမားရဲ့ ကြိုးပမ်းမှု အောင်ပွဲခံခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြကြပါတယ်။