အမေရိကန် ပြည်ထောင်စုမှာ ဆင်းရဲမှုနှုန်း ထူးထူးကဲကဲ မြင့်မားလာတဲ့အတွက် အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေး ပညာရှင်တွေ ဖြေရှင်းနိုင်ရေး ၀ိုင်းဝန်းအဖြေရှာနေကြရပါတယ်။ အချက်အလက်တွေ စတင်ကောက်ယူခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကစလို့ အမေရိကန်မှာရှိတဲ့ ဆင်းရဲသား အရေအတွက်ဟာ အမြင့်ဆုံးအဆင့်ကို ရောက်နေတဲ့အကြောင်း ပြည်ထောင်စု သန်းခေါင်းစာရင်း ဗျူရိုရဲ့ ပြီးခဲ့တဲ့နှစ်အတွက် အစီရင်ခံစာက တွေ့ရှိခဲ့တာပါ။
ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Nico Colombant ရဲ့ သတင်းပေးပို့ချက်နဲ့အတူ အမေရိကန် ပြည်ထောင်စုက စီးပွားရေး အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံသား ၇ ယောက်မှာ ၁ ယောက်နှုန်းဟာ ဆင်းရဲသားအဆင့်မှာ ရောက်နေကြောင်း အစိုးရရဲ့ နောက်ဆုံး စစ်တမ်းက ဖော်ပြလိုက်ပါတယ်။ ပြည်ထောင်စု သန်းခေါင်စာရင်းဗျူရိုရဲ့ စစ်တမ်းအရ အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အတွင်း ဆင်းရဲသား ရာခိုင်နှုန်းဟာ ၁၄ ဒဿမ ၃ ရာခိုင်နှုန်း ရှိခဲ့တာမို့ ဒီအရင်တနှစ်ထဲ ၁ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့တာပါ။ လူ ၄ ယောက်ရှိတဲ့ မိသားစုတစုမှာ တနှစ်ကို ဒေါ်လာ ၂၂,၀၀၀ အောက်သာ ၀င်ငွေရှိရင် ဆင်းရဲသားအဖြစ် သတ်မှတ်တာမို့ ဒီလိုလူတွေ ၄၃ ဒဿမ ၆ သန်းအထိ ရှိနေတာကို သန်းခေါင်စာရင်းဗျူရိုက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအထဲကမှ အာဖရိကန်နွယ်ဖွား အမေရိကန်တွေနဲ့ ဟစ်စပန်းနစ်လူမျိုးတွေကြားမှာဆိုရင် ၄ ယောက်မှာ ၁ ယောက်ကျော်အထိ ဆင်းရဲသူတွေ ရှိနေတယ်လို့လည်း နီဂရိုးအမျိုးသမီးများ ကောင်စီက အေဗစ် ဂျုံးစ် ဒ၀ီဗာ (Avis Jones-De Weever) က ထောက်ပြပါတယ်။ ကလေးငယ် ၅ ယောက်မှာ ၁ ယောက်နှုန်း ဆင်းရဲမှုကြုံနေရတာမို့ ဒီအခြေအနေတွေကို အမြန်ဆုံး ဖြေရှင်းဖို့ လိုပြီလို့သူက ဆိုပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ ဒီကိန်းဂဏန်းတွေက အမေရိကန်အတွက် နှိုးဆော်ချက်တရပ် ဖြစ်ဖို့လိုပါတယ်။ အခုကာလဟာ ဆင်းရဲမှုကို အလေးအနက်ထား တိုက်ဖျက်ဖို့ နိုးကြားရမယ့် အချိန်ပါ။ တကယ်တော့ အရေးကြီးတဲ့ ဒီကိစ္စဟာ အရင်ကထက်ကို ပိုပြီး အလေးအနက်ထားဖို့ လိုလာပါပြီ။ ကျမတို့အတွက် လုံခြုံစိတ်ချရစေမယ့် ကွန်ယက်တခုဟာ တွန့်ကျေ စုတ်ပြတ်နေတဲ့ အခြေအနေကို ရောက်နေပြီလို့တောင် ဆိုချင်ပါတယ်။”
ဒါပေမဲ့လည်း စက်တင်ဘာလလယ်ပိုင်း ၀ါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ ဆင်းရဲမှုဆိုင်ရာ ဆွေးနွေးပွဲတခုအတွင်း Deloitte Consulting က ညွှန်ကြားရေးမှူးဖြစ်တဲ့ ၀ိဒ်ဟွန်း (Wade Horn) ကတော့ လက်ရှိ အမေရိကန်က နိုင်ငံရေး စီးပွားရေး အခြေအနေတွေ အောက်မှာ အပြောင်းအလဲတွေ လုပ်နိုင်မယ့် အလားအလာ သိပ်မရှိလှဘူးလို့ မြင်ပါတယ်။
“အစိုးရ အသုံးစားရိတ်တွေ တဖြည်းဖြည်းချင်း တိုးမြှင့်သွားဖို့အတွက် ဒီကိစ္စက လွယ်လွယ်နဲ့ အကြောင်းပြနိုင်မယ့် နိုင်ငံရေး အခင်းအကျင်းမျိုးတွေ ရှိသလားဆိုတာတော့ ကျနော့်အနေနဲ့ မသေချာလှပါဘူး။ တကယ်တော့ ကြွေးမြီနဲ့ လိုငွေပြမှု ကိစ္စတွေကို အာရုံစိုက်နေတာမို့ အစိုးရကအသုံးစားရိတ် လျှော့ချဖို့ အစပျိုးနေတဲ့ အခြေအနေမှာ ကျနော်တို့ ရောက်ကောင်း ရောက်နေနိုင်ပြီး အစိုးရက အသုံးစားရိတ်တွေ တိုးချဲ့သွားလိမ့်မယ်လို့တော့ ကျနော် မထင်မိပါဘူး။”
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် အစိုးရအနေနဲ့ မဟာဗျူဟာအသစ်တွေ ရှာဖွေကျင့်သုံးသွားရင်း ပုဂ္ဂလိကပိုင် ကဏ္ဍမှာ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို အပြင်းအထန် ချမှတ်ဆောင်ရွက်ဖို့လည်း သူက တိုက်တွန်း ခဲ့တာဖြစ်ပါတယ်။ အလုပ်လက်မဲ့နှုန်း မြင့်မားနေချိန်မှာပဲ အခုလို ဆင်းရဲသား အရေအတွက် တိုးလာတာဖြစ်ပါတယ်။ အလုပ်လက်မဲ့နှုန်းဟာ အထူးသဖြင့် အမျိုးသားတွေ အများစုလုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းလို ကဏ္ဍတွေမှာ အဓိက ကြုံတွေ့နေကြရတာပါ။
အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းဖို့ အမေရိကန် ပြည်ထောင်စုက တချို့ပြည်နယ်တွေက ပုဂ္ဂလိကကဏ္ဍမှာ အလုပ်အကိုင်တွေ စီမံပေးတာမျိုးလို အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ရာမှာ အောင်မြင်မှုတွေ ရှိနေတယ်လို့လည်း ဘဏ္ဍာရေးနဲ့ မူဝါဒရေးရာ ဦးစားပေး ဆောင်ရွက်ရေးဌာနက လဒွန်နာ ပေဗာတီ (LaDonna Pavetti) တို့လို ကျွမ်းကျင်သူ တချို့က ထောက်ပြကြပါတယ်။
“ဒီအစီအစဉ်တွေနဲ့ ပတ်သက်လို့ ကျမတို့ မြင်တွေ့ဘူးတာကတော့ အကျိုးအမြတ်တွေ၊ အထူးသဖြင့်တော့ စီးပွားရေး လုပ်ငန်းငယ်တွေမှာ အကြီးအကျယ် ခံစားရတာတွေပဲ ဖြစ်ပါတယ်။ ဒီစီးပွားရေး လုပ်ငန်းငယ်တွေမှာ ကြုံခဲ့ရတာတွေကတော့ ၀ယ်လိုအား ကျဆင်းနေတဲ့ ကာလတွေမှာ သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေနိုင်တာပါ။ တချို့လုပ်ငန်းတွေမှာ တိုးချဲ့နိုင်တာတွေ ရှိတဲ့အတွက် အလုပ်အကိုင်သစ်တွေလည်း ဖန်တီးပေးနိုင်ပါတယ်။”
ဒါပေမဲ့လည်း ဒီအစီအစဉ် အများအပြားအတွက် သုံးစွဲနေတဲ့ ငွေကြေးတွေ ကုန်ခန်းစပြုလာနေပြီး၊ အလုပ်အကိုင်တွေ ရထားကြတဲ့ လူပေါင်း ထောင်နဲ့သောင်းနဲ့ ချီပြီး အလုပ်လက်မဲ့တွေ ဖြစ်ရမယ့် အခြေအနေတွေ ကြုံနေရတယ်လို့လည်း သူက သတိပေးပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်း တက္ကသိုလ်က နစ်ကိုလတ်စ် အက်ဘာစတက် (Nicholas Eberstadt) ကတော့ အစိုးရအစီအစဉ်နဲ့ ဖန်တီးပေးထားတဲ့ အလုပ်အကိုင်တွေဟာ စီးပွားရေးမှာ အမြဲတမ်းရှိနေနိုင်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။
“ဒီအစီအစဉ်မျိုးတွေကို အကောင်အထည်ဖော်ဖို့ အနောက်ဥရောပနိုင်ငံ အတော်များများက ကြိုးပမ်းခဲ့ဘူးပါတယ်။ အချိန်ကာလ တခုမှာတော့ ဒီအဆင့်အထိရောက်အောင် လုပ်ရတဲ့နေရာမှာ လုပ်သားအင်အားနဲ့ ပတ်သက်လို့ ပျော့ပြောင်းမှုမရှိတာ၊ အဟန့်အတားတွေ ရှိနေတာတွေကို ခင်ဗျားတို့လည်း မြင်ကြမှာပါ။ ဒါကြောင့်လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ အထူး သတိထားဖို့ လိုမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”
သမ္မတ ဘရက်ခ် အိုဘားမား ကတော့ စီးပွားရေး နိုးထစေရေးအတွက် သုံးစွဲမှုတွေလို သူ့ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေဟာ အမေရိကန် သန်းပေါင်းများစွာကို ဆင်းရဲတွင်းက လွတ်အောင် ထိန်းထားနိုင်တယ်လို့ ပြောဆိုထားတာပါ။ လတ်တလော စီးပွားရေး အကျပ်အတည်းတွေရဲ့ဒဏ်ကို အမေရိကန်တွေ ခံစားနေရတဲ့အတွက်လည်း သူ့အရင် သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူဘုရှ် ရဲ့ မူဝါဒတွေအပေါ် ပြစ်တင်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အတိုက်အခံ ရီပတ်ဘလစ်ကန်တွေကတော့ အစိုးရရဲ့ အကြီးအကျယ် အကုန်အကျခံ သုံးစွဲမှုတွေကြောင့် အခြေအနေတွေဟာ ပိုဆိုးရတာလို့ ပြောနေကြတာပါ။
အခုနောက်ဆုံး သန်းခေါင်စာရင်း ဗျူရိုရဲ့ ကိန်းဂဏန်းတွေအရ ဆင်းရဲသားတွေသာမက၊ ကျန်းမာရေးအာမခံ မရှိသူ အရေအတွက်ဟာလည်း စာရင်းစတင် ကောက်ယူခဲ့တဲ့ ၁၉၈၇ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် တိုးလာတယ်လို့ ဆိုပါတယ်။ မနှစ်က ၂၀၀၉ ခုနှစ်ထဲမှာ ကျန်းမာရေး အာမခံ မရှိသူ သန်းပေါင်း ၅၀ ကျော်အထိ ရှိခဲ့ပြီး ဒါဟာလည်း အရင်က အလုပ်ရှင်တွေဆီက ရထားတဲ့ ကျန်းမာရေး အာမခံတွေဟာ အလုပ်ပြုတ်ကြတာ၊ အချိန်ပိုင်း အလုပ်တွေကိုသာ ပြောင်းလဲ လုပ်ကိုင်ရတာမျိုးတွေကြောင့် လက်လွတ်ဆုံးရှုံးရာက ပမာဏတိုးလာတာ ဖြစ်ဖို့များတယ်လို့လည်း သန်းခေါင်စာရင်းဗျူရို တာဝန်ရှိသူတွေက ပြောဆိုထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။