သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ သန်း ၄၅၀ အမေရိကန် Powerball ထီလက်မှတ်တွေ အရောင်းသွက်


ဆုကြေး သန်း ၄၅၀ လောက်အထိ ရှိလာလိမ့်မယ်လို့ မျှော်လင့်ရတဲ့ အမေရိကန်ပြည်ထောင်စုမှာ Powerball လို့ခေါ်တဲ့ ထီလက်မှတ် ဗုဒ္ဓဟူးနေ့မှာ ဖွင့်မှာ ဖြစ်တာကြောင့် နိုင်ငံတဝှမ်းက ကံစမ်းလိုသူတွေ အလုအယက် ထီလက်မှတ်တွေ ဝယ်ယူနေကြပါတယ်။ အမေရိကန်ရဲ့ ထီ ရာဇဝင်မှာ ဒီတကြိမ်ဟာ ၆ ကြိမ်မြောက် အများဆုံး ဆုကြေးလည်း ဖြစ်ပါလိမ့်မယ်။

ဗုဒ္ဓဟူးနေ့ ထီဖွင့်လို့ မပေါက်သေးဘူး ဆိုရင်တော့ ဆုကြေး ပိုများလာမှာဖြစ်ပြီး၊ စနေနေ့မှာ ထီ နောက်ထပ်တကြိမ် ဖွင့်မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ အများဆုံး ထီ ဆုကြေးအဖြစ်နဲ့ ၂၀၁၂ ခုနှစ်မှာတုန်းက ဒေါ်လာ ၆၅၆ သန်းဘိုး Megamillions ထီဆုကို လက်မှတ်ပိုင်ရှင် ၃ ယောက်က ရခဲ့ဖူးပါတယ်။ ဗုဒ္ဓဟူးနေ့ ဖွင့်မယ့်ထီကို ပေါက်နိုင်တဲ့ အခွင့်အလမ်းကတော့ ခန့်မှန်းချေ လူပေါင်း ၂၉၂ သန်း ၂ သိန်းမှာ တယောက်နှုန်း ရှိပါတယ်။

တနှစ်မှာ လူပေါင်း ၉ သိန်း ၆ သောင်းကို တယောက်နှုန်းသာ မိုးကြိုးပစ်ခံရနိုင်တဲ့ အခွင့်အလမ်း ရှိတာမို့ ထီပေါက်နိုင်မယ့် အခွင့်အလမ်းထက်တောင် ပိုများတယ်လို့ ဆိုရမှာပါ။ ထီပေါက်ခဲ့မယ် ဆိုရင်တော့ ရက်ပေါင်း ၆၀ အတွင်း အကြောင်းကြားရမှာဖြစ်ပြီး၊ ငွေသားအဖြစ် ထုတ်ယူနိုင်သလို၊ ၂၉ နှစ်အတွင်း အရစ်ကျခွဲယူလို့လည်း ရပါတယ်။

Powerball ထီကိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ပေါင်း ၄၄ ခုအပြင် ဝါရှင်တန်ဒီစီ၊ U.S. Virgin Islands နဲ့ ပွာတိုရီကို တို့မှာ ကံစမ်းနိုင်ကြပါတယ်။

XS
SM
MD
LG