သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ ဇနီးတို့ ကိုဗစ်ကူးစက်ခံရ


FILE PHOTO - U.S. President Donald Trump walks with first lady Melania Trump at Cleveland Hopkins International Airport in Cleveland
FILE PHOTO - U.S. President Donald Trump walks with first lady Melania Trump at Cleveland Hopkins International Airport in Cleveland

[[zawgyi/Unicode]]

အမေရိကန်သမ္မတ Donald Trump က သူနဲ့ သူ့ဇနီး Melania Trump တို့ ၂ ဦးစလုံး ကိုဗစ်-၁၉ ကူးစက်နေကြောင်း စမ်းသပ် အတည်ပြုချက်ရရှိခဲ့ကြောင်း ဝါရှင်တန် ဒေသစံတော်ချိန် အောက်တိုဘာလ ၂ ရက်၊ သောကြာနေ့ အစောပိုင်းအချိန်မှာ Twitter လူမှုကွန်ရက်ကတဆင့် အတည်ပြု ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်းတုန်းကတော့ သူနဲ့ သမ္မတကတော်တို့ ၂ ဦးစလုံးဟာ ကိုဗစ် စမ်းသပ်ချက်အဖြေရဖို့ စောင့်နေကြောင်းနဲ့ လောလောဆယ် Quarantine ဝင်ဖို့ အစီအစဉ်တွေ စတင်နေပြီဖြစ်ကြောင်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ရဲ့ အနီးကပ် နိုင်ငံရေးအကြံပေးတဦးဖြစ်သူ Hope Hicks မှာ ကိုဗစ်-၁၉ ကူးစက်နေကြောင်း ကြာသပတေးနေ့က စမ်းသပ် အတည်ပြုချက် ရရှိခဲ့ပြီးတဲ့နောက် သမ္မတနဲ့ သမ္မတကတော်တို့ ၂ ဦးစလုံးထံမှာ ကိုဗစ်-၁၉ ကူးစက်နေခြင်း ရှိမရှိ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၉ ရက်၊ အင်္ဂါနေ့ညက ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတလောင်း ၂ ဦးရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာရော၊ အဲဒီနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး အစီအစဉ်တွေမှာပါ Hope Hicks ဟာ သမ္မတနဲ့အတူ အနီးကပ် ရှိနေခဲ့ပြီး သမ္မတနဲ့အတူ ခရီးအတူသွား၊ လေယာဉ် အတူစီးခဲ့သူ ဖြစ်ပါတယ်။

သမ္မတရဲ့ ထိပ်တန်းအကြံပေး Hope Hicks အပြင်၊ အခု သမ္မတ Trump နဲ့ ဇနီးဖြစ်သူတို့မှာပါ ကိုဗစ်-၁၉ ကူးစက်နေတာ အတည်ပြုလိုက်ပြီဖြစ်တာကြောင့် မကြာခင် ကျင်းပဖို့ရှိတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် သမ္မတရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေကို ဘယ်လို ထိခိုက်မလဲဆိုတာတော့ မသိရသေးပါဘူး။ Hope Hicks အပါအဝင် သမ္မတနဲ့ ဇနီးဖြစ်သူတို့မှာပါ ကိုဗစ် ကူးစက်နေကြောင်း အတည်ပြုလိုက်ပြီ ဖြစ်တာကြောင့် သူတို့နဲ့အတူ အနီးကပ်ရှိနေခဲ့ကြတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ အပါအဝင် ကျန်လူတွေမှာ ကူးစက်နေခြင်း ရှိမရှိဆိုတာနဲ့ သူတို့တွေရော Quarantine လုပ်ဖို့ လိုမလိုဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

သမ္မတ Trump ဟာ ကိုဗစ်-၁၉ ကူးစက်မှုကို အကာကွယ်ပေးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ယုံကြည်ထားတဲ့ နှာခေါင်းစည်းတပ်တဲ့အယူအဆကို လက်မခံသူတဦး ဖြစ်ပါတယ်။ အင်္ဂါနေ့ညက ပြုလုပ်တဲ့ သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲအတွင်းမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း Joe Biden နှာခေါင်းစည်းတပ်တဲ့ကိစ္စကို ဝေဖန် ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် သမ္မတရဲ့ မိသားစုဝင်တွေနဲ့ အိမ်ဖြူတော်မှာ သမ္မတနဲ့ အနီးကပ် အလုပ်လုပ်သူတွေဟာလည်း နှာခေါင်းစည်းတပ်ကြလေ့ မရှိဘူးလို့ အိမ်ဖြူတော်အသိုင်းဝိုင်းနဲ့ နီးစပ်သူတွေက အမေရိကန် သတင်းမီဒီယာတွေကို မကြာခန ပြောကြားလေ့ရှိပါတယ်။

[[Unicode]]








XS
SM
MD
LG