သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ရွေးကောက်ပွဲ အားလုံး ပါဝင်ခွင့်ပေးဖို့ သမ္မတ အိုဘားမား တောင်းဆို


အမေရိကန် သမ္မတ နဲ့ မြန်မာ သမ္မတ နေပြည်တော်မှာ တွေ့ဆုံ။
အမေရိကန် သမ္မတ နဲ့ မြန်မာ သမ္မတ နေပြည်တော်မှာ တွေ့ဆုံ။

မြန်မာနိုင်ငံမှာ အဖွဲ့စုံ ပါဝင်တဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေး ဖို့ အမေရိကန် သမ္မတ Barack Obama က တောင်းဆိုလိုက်ပါတယ်။ သမ္မတ အိုဘားမား ဟာ နေပြည်တော်မှာ ကြာသပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံစဉ် မှာ အခုလို တောင်းဆိုလိုက်တာပါ။ အပြည့်အစုံကို AP နဲ့ ရိုက်တာ သတင်းတွေ ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နေပြည်တော်ကို ရောက်လာတဲ့ အမေရိကန်သမ္မတ Barack Obama ဟာ ကြာသပတေးနေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့ ကိစ္စဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စရပ်တခုလို့ သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

" မြန်မာပြည်သူတွေ အနေနဲ့ လည်း အခုလို လာရောက်တာကို ဝမ်းသာပါတယ်။ ဒါက တခုပါ။ နောက် အခုလို ဒီမိုကရေစီနိုင်ငံ တနိုင်ငံ အနေနဲ့ ဒါတွေဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါလို့ ဒီလို ကျွန်တော်တို့ မှတ်ယူပါတယ်။"

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပေမဲ့ ၂၀၁၅ ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ လူထုသဘောကျသူ အားလုံး ပါဝင်ခွင့် မရှိတဲ့အပေါ်မှာရော လူနည်းစု ဘာသာခြားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာ မှာရော မြန်မာအစိုးရဟာ သေသေချာချာ လုပ်ဆောင်မှု မရှိပဲ နောက်ပြန်ဆွဲမှုတွေ ရှိနေတယ်လို့ သမ္မတ အိုဘားမားက မြင်နေတာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ရှေးရှု့ပြောင်းလဲမှုတွေအတွက် အပြုသဘောဆောင်တဲ့ အမြင်တွေကိုပဲ သမ္မတ အိုဘားမားက မြန်မာသမ္မတကို ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဟာ တကယ်ဖြစ်နေ တာပါ။ ပြောင်းလဲသွားတာတွေကို ကျနော်တို့ ထောက်ပြနိုင် ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာကို ကျနော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ကလေးစစ်သားတွေ စုဆောင်းအသုံးပြုမှု ရပ်စဲအောင် ကြိုးစား အားထုတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ရအောင် ဆောင်ရွက်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။"

မြန်မာသမ္မတက အမေရိကန် သမ္မတနဲ့တွေ့ဆုံစဉ်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ အခုထက်ပိုပြီး ပြောင်းလဲ တိုးတက်အောင် လုပ်ဖို့အတွက် သန္နိဋ္ဌာန် ချထားကြောင်းနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ဘောင်ချမှတ်နိုင်ခဲ့ပေမဲ့ အချိန်ပေးဖို့တော့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်နဲ့ပတ်သက်ပြီး သမ္မတ အိုဘားမားကလည်း သူ့အနေနဲ့ နားလည်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။

"အပြောင်းအလဲဖြစ်အောင် ဆောင်ရွက်ရတာဟာ ခက်ခဲတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ အပြောင်းအလဲဟာ တသမတ်တည်း ဖြစ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ မှာတော့ ဖြစ်လာနိုင်မယ် လို့ မျှော်လင့် ထားပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပါတ်သတ်ပြီး ဆက်လက် ခိုင်မာအောင် ဆောင်ရွက်ဖို့ ကိုလည်း မျှော်လင့်ထား ပါတယ်။ ပြုပြင်ပြောင်းလဲရေး အတွက် ဆောင်ရွက်နေကြတဲ့ သမ္မတ နဲ့ ကိုယ်စားလှယ် အဖွဲ့၊ နောက် မြန်မာနိုင်ငံသားတွေ အားလုံးနဲ့ အတူ အမေရိကန် ပြည်ထောင်စုက ခိုင်မာတဲ့ မဟာမိတ် အဖြစ် ဆက်လက် ရပ်တည်သွားမယ်ဆိုတာကို ကတိပြုပါတယ်။ ရှေ့ကို အတူ လက်တွဲဆောင်ရွက်သွားဖို့ကိုလည်း ကျနော် မျှော်လင့်ပါတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လုပ်ဆောင်ချက်တွေ ပြီးပြည့်စုံမှု မရှိသေးဘူးလို့လည်း ပြောပါတယ်။ အထူးသဖြင့် ၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လူထုသဘောကျသူ အားလုံး ပါဝင်အရွေးခံခွင့်ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

"အထူးသဖြင့် နောက်နှစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပါတ်သတ်တဲ့ အကြောင်းတွေကို ကျနော်တို့ ဆွေးနွေးခဲ့သလို ရွေးကောက်ပွဲအတွက် လိုအပ်ချက်တွေ ကိုပါ ဆွေးနွေးခဲ့ပါတယ်။ တရားမျှတ၊ ပွင့်လင်းမှု ရှိပြီး အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုသလို မြန်မာနိုင်ငံမှာရှိတဲ့ လူမှု လူ့အဖွဲ့အစည်း တွေရဲ့အသံ အားလုံးထင်ဟပ်စေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြစ်အောင် ပြင်ဆင်ပေးဖို့ လည်း လုပ်ရမှာပါ။"

အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သောကြာနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံမှာဖြစ်သလို မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း နေထိုင်လာခဲ့တဲ့ ပြရုပ်ဖြစ်တဲ့ ရန်ကုန်မြို့လည်က ဆူုးလေဘုရား၊ မူဆလင်ဗလီဝတ်ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ရှိရာအပြင် အတွင်းဝန်ရုံး ရှိရာ နေရာကိုလည်း သွားရောက်မှာဖြစ်ပြီး၊ နောက်ပိုင်းမှာ လူငယ်တွေနဲ့တွေ့ဆုံပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG