သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ကမ္ဘာ့စီးပွားရေး


 ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်မြို့တော် တွင် ရောင်းချနေသည် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား (ယာ) နှင့် ရီပတ်ဘလီကန်သမ္မတလောင်း မစ်တ် ရွမ်မ်နီတို့၏ ရုပ်ပုံများ ပါဝင်သော ချောကလက်ဘူးများ။ အောက်တိုဘာ ၁၂၊ ၂၀၁၂။
ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်မြို့တော် တွင် ရောင်းချနေသည် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား (ယာ) နှင့် ရီပတ်ဘလီကန်သမ္မတလောင်း မစ်တ် ရွမ်မ်နီတို့၏ ရုပ်ပုံများ ပါဝင်သော ချောကလက်ဘူးများ။ အောက်တိုဘာ ၁၂၊ ၂၀၁၂။
ဥရောပတိုက်မှာ အကြွေးပြဿနာနဲ့ နပန်းလုံးနေရပြီး ဒေသတခုလုံးကို ခြိမ်းခြောက်နေတာနဲ့အမျှ တရုတ်နိုင်ငံ အနေနဲ့လည်း စီးပွားရေးတိုးတက်မှု နှေးကွေးနေတာ ရပ်တန့်သွားအောင် ကြိုးစားနေရတဲ့အချိန်မှာ ကမ္ဘာပေါ်က သတင်း ခေါင်းကြီးပိုင်းကို လွှမ်းမိုးထားတာကတော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအကြောင်းပါပဲ။ အမေရိကန်နိုင်ငံသားတွေက သူတို့ရဲ့ခေါင်းဆောင်အဖြစ် ဘယ်သူ့ကို ရွေးချယ်မှာလည်းဆိုတာ ကျန်တဲ့နိုင်ငံသားတွေက သိချင်နေကြတာပါ။ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာလည်း အရေးပါတဲ့ကိစ္စရပ်တခုအဖြစ် ပါဝင်နေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Mil Arcega ရေးသားထားတဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့ ရွေးကောက်ပွဲမှာ ဘယ်သူပဲ အနိုင်ရသည်ဖြစ်ပါစေ ကမ္ဘာ့အကြီးဆုံး စီးပွားရေးကို ထိန်းချုပ် မောင်းနှင်မှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ပုံဖော်နိုင်စွမ်း ရှိလာမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြို ကောက်ယူတဲ့ လူထု သဘောထားစစ်တမ်းတွေသာ မှန်မယ်ဆိုရင် ၂၀၁၂ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမှာကတော့ အကျိတ်အနယ်ဖြစ်နေတဲ့ လက်တဆုပ်စာပြည်နယ်တွေက အခရာကျတဲ့ မဲအရေအတွက် အနည်းအကျဉ်းလောက်ပဲ ဖြစ်ပါ လိမ့်မယ်။
ဒါပေမဲ့လည်း အမေရိကန်ရွေးကောက်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေ ရှိနေတာကြောင့် ပြည်တွင်း ရွေးကောက်ပွဲ တခု သက်သက်ထက် အများကြီး ပိုတယ်လို့ Pew သုတေသနဌာနက Bruce Stokes က ပြောပါတယ်။
“သိပ်ကိုသေချာပါတယ်။ ဒီရွေးကောက်ပွဲမှာ အမေရိကန်တွေ မဲပေးကြတာဖြစ်ပေမဲ့ အကျိုးဆက်တွေကို တော့ ကမ္ဘာကြီးက ရင်ဆိုင်ကြရမှာပါ။”
ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ဟာ တကမ္ဘာလုံး ထုတ်ကုန်တန်ဖိုး စုစုပေါင်းရဲ့ လေးပုံတပုံလောက် ရှိနေတဲ့ အမေရိကန် စီးပွားရေးလောက် တခြားဘယ်နိုင်ငံမှ ပိုကြီးမားတဲ့စီးပွားရေး မရှိပါဘူး။ စီးပွားရေးပညာရှင်တွေကြားမှာ ပြောဆိုနေကြ စကား တခုကတော့ “အမေရိကန် နှာစေးတဲ့အခါ ကျန်တဲ့တကမ္ဘာလုံး အအေးမိတော့တယ်” ဆိုတာပါပဲ။
Desmond Lachman ဟာ American Enterprise Institute က ကွန်ဆာဗေးတစ်ယိမ်းတဲ့ မက်ခရို စီးပွားရေးပညာရှင်တဦး ဖြစ်ပါတယ်။
“၂၀၀၈-၂၀၀၉ ခုနှစ်မှာ စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှု အကြီးအကျယ် ဖြစ်ခဲ့တဲ့အချိန်တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ်စနစ်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ တကမ္ဘာလုံးမှာ ပဲ့တင်ထပ် ဖြစ်ပျက်ခဲ့ပါတယ်။”
အားကောင်းတဲ့ အမေရိကန်စီးပွားရေးဟာ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် အရေးပါတယ်ဆိုတာကို သမ္မတလောင်း နှစ်ဦး စလုံးက သဘောတူတယ်ဆိုတာ မဲဆွယ်စည်းရုံးပွဲတွေမှာ ပြောတာတွေအရ တွေ့ရပါတယ်။ စီးပွားရေးကို အားကောင်းအောင် လုပ်ဖို့အတွက် သူတို့မှာ အစီအစဉ် ရှိပါတယ်ဆိုတာ နှစ်ဦးစလုံးက အမေရိကန်လူထုကို အာမခံ ပြောကြပါတယ်။ တရုတ်ကို ခပ်မာမာ ရင်ဆိုင်ပြီးတော့ တန်းတူရည်တူ ယှဉ်ပြိုင်လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးမယ်ဆိုပြီး ရီပတ်ဘလီကန် သမ္မတ လောင်း မစ်တ် ရွမ်မ်နီကပြောပါတယ်။
“ကျနော် သမ္မတဖြစ်တဲ့ ပထမနေ့မှာကိုပဲ တရုတ်နိုင်ငံကို ငွေကြေးကဏ္ဍမှာ ကြိုးကိုင်ခြယ်လှယ်ကစားတဲ့ နိုင်ငံ အဖြစ် နာမည်တပ် ကြေညာမှာပါ။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ကုန်ထုတ်လုပ်သူတွေအပေါ်မှာ မမျှမတ အခွင့်အရေး ယူနေတယ်လို့ ကျနော်ယုံကြည်တဲ့ အခွန်အတုတ်ပိုင်းဆိုင်ရာမှာ လိုအပ်တယ်ဆိုရင် သမ္မတအနေနဲ့ ချမှတ်ဖို့ အခွင့်ရစေမှာဖြစ်ပါတယ်။”
ဒုတိယအကြိမ် ရွေးကောက် တင်မြှောက်ခံရဖို့ အပြင်းအထန် ကြိုးစားနေတဲ့ သမ္မတ အိုဘားမားကတော့ သူ့ရဲ့ခေါင်းဆောင်မှု အောက်မှာ အမေရိကန်ကုန်သွယ်ရေးဟာ သိသိသာသာ တိုးတက်ခဲ့တယ်ဆိုတာကို ထောက်ပြ ပြောဆိုနေပါတယ်။ ဒါ့အပြင် တန်ဖိုးနှိမ့်ထားတဲ့ တရုတ်တို့ရဲ့ ငွေကြေးဟာလည်း သူ သမ္မတဖြစ်ခဲ့ချိန်ကတည်းကဆိုရင် ၁၁% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
အားကောင်းမောင်းသန် စီးပွားရေးတခု ပြန်တည်ဆောက်နိုင်ဖို့အတွက်က ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန် ပြည်ထောင်စုထဲ ပြန်ရောက်လာအောင် လုပ်တာဖြစ်ပြီးတော့ မစ္စတာရွမ်မ်နီဟာ ဒီလုပ်ငန်းအတွက် သင့်တော်သူမဟုတ်ဘူးလို့ မစ္စတာအိုဘားမားက ပြောပါတယ်။
“ပြည်နယ်အုပ်ချုပ်ရေးမှူး ရွမ်မ်နီဟာ အမေရိကန်က အလုပ်အကိုင်တွေကို တရုတ်ပြည် ပြောင်းပို့ပစ်တဲ့နေရာမှာ ထိပ်တန်းကရှိနေတဲ့ ကုမ္ပဏီတွေဆီမှာ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာကို သတိရကြပါ။”
ဒါပေမဲ့လည်း တရုတ်နိုင်ငံကိစ္စက ပိုကြီးမားတဲ့ ဟန်ချက်ညီ လုပ်ဆောင်မှုတခုရဲ့ တစိတ်တပိုင်းပဲရှိပါတယ်။ ဥရောပတိုက်မှာ အကြွေးပြဿနာနဲ့ ရင်ဆိုင်နေရတာက အမေရိကန်ကုန်ပစ္စည်းတွေကို ဝယ်လိုအား လျော့သွားခဲ့ပါတယ်။ ၁၇ နိုင်ငံရှိတဲ့ ယူရို ငွေကြေးသုံးစွဲတဲ့နိုင်ငံတွေမှာ ပြဿနာတွေ ပိုပြီး နက်ရှိုင်းလာတာက တကမ္ဘာလုံးမှာ တိုးတက်မှုနှုန်းကို နောက်ထပ် နှေးကွေး စေနိုင်တယ်လို့ Desmond Lachman က ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက်ဖြစ်တဲ့ ဥရောပတိုက်ဟာ လာမယ့် နှစ်တွေမှာ အမေရိကန်အတွက် တကယ့်စိန်ခေါ်မှုတွေဖြစ်လာလိမ့်မယ်လို့ ကျနော် ခန့်မှန်းပါတယ်။”
အမေရိကန်နိုင်ငံရဲ့ နာတာရှည် အလုပ်လက်မဲ့နှုန်း မြင့်မားနေတာကို ဖြေရှင်းဖို့ရာမှာ ရွမ်မ်နီက ပိုပြီး စီးပွားရေးဆန်ဆန် ချဉ်းကပ်မယ့်ပုံ ရှိတယ်လို့ Lachman က ပြောပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပေါ်က နေရာအများအပြားမှာ အိုဘားမားအပေါ် လူကြိုက်များနေတာကို ကြည့်ပြီး ရွမ်မ်နီ သမ္မတဖြစ်လာရင် အမေရိကန်ရဲ့ပုံရိပ်ကို ထိခိုက်နိုင်တယ်လို့ Pew သုတေသနအဖွဲ့ က Bruce Stokes က သုံးသပ်ပါတယ်။
“တရုတ်ကိစ္စက သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ရွမ်မ်နီ အကြီးအကျယ် ပြောဆိုနေတာတွေကို ကြည့်ရင် တရုတ်ပြည်မှာ အမေရိကန်ရဲ့ပုံရိပ်ကို ကာလတို ထိခိုက်လာနိုင်ခြေတော့ ရှိတယ်လို့ ကျနော်ထင်ပါတယ်။”
မကြာသေးခင်က ကောက်ယူခဲ့တဲ့ လေ့လာချက် စစ်တမ်းတခုအရဆိုရင် မစ္စတာအိုဘားမားကို ဒုတိယသမ္မတသက်တမ်း အတွက် အနောက်ဥရောပနိုင်ငံတွေက အပြတ်အသတ် ထောက်ခံတာကို တွေ့ရပါတယ်။ ပြင်သစ်မှာ ၉၂%၊ ဂျာမနီမှာ ၈၉% နဲ့ ဗြိတိန်မှာ ၇၃% အသီးသီး ထောက်ခံကြတာပါ။ ဒါပေမဲ့လည်း ဂရိနိုင်ငံမှာတော့ သမ္မတအိုဘားမားအပေါ် ထောက်ခံမှုက သိပ်ကိုနည်းလွန်းပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားရဲ့ ကိုင်တွယ်လုပ်ဆောင်ပုံတွေကို ဂရိ နိုင်ငံမှာ ၂၂% ကပဲ အတည်ပြု ထောက်ခံကြပါတယ်။
ရွေးကောက်ပွဲမှာ ဘယ်သူပဲ အနိုင်ရသည်ဖြစ်ပါစေ၊ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက အများအပြားရှိနေတယ်လို့ Lachman က ပြောပါတယ်။ အထူးသဖြင့်ကတော့ သုံးစွဲငွေ အကြီးအကျယ် ဖြတ်တောက် လျှော့ချရေးကိစ္စကို နှစ်ခြမ်းကွဲနေတဲ့ ကွန်ဂရက် လွှတ်တော်က ဒီနှစ်ကုန်မှာမှ သဘောတူညီချက် မရနိုင်ရင် အခြေအနေ မကောင်းပါဘူး။
“အမေရိကန်ပြည်ထောင်စုမှာ အခြေအနေတွေ အလွဲလွဲအချော်ချော်ဖြစ်ပြီဆိုရင် တကမ္ဘာလုံးမှာ ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်မှာကတော့ အသေအချာပါပဲ။ အထူးသဖြင့်တော့ ကမ္ဘာကြီးရဲ့ ကျန်တဲ့နေရာတွေမှာ အခြေအနေ သိပ်မကောင်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရိုက်ခတ်ဖို့ ပိုပြီးသေချာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခြေအနေ ယိမ်းယိုင် တာမျိုးဟာ အဖြစ်မခံနိုင်တဲ့ကိစ္စမျိုးပါ။”
သူတို့ရဲ့သမ္မတအဖြစ် အမေရိကန်နိုင်ငံသားတွေက ဘယ်သူ့ကိုပဲ ရွေးချယ်သည်ဖြစ်ပါစေ ကမ္ဘာကြီးက လိုက်လျောညီထွေ ဖြစ်အောင် ချိန်ညှိသွားမယ်ဆိုတာကိုတော့ သမိုင်းအစဉ်အလာတွေက ပြနေပါတယ်။ မည်သို့ပင်ဖြစ်ပါစေ အမေရိကန်သမ္မတ ရွေးကောက်ပွဲရလာဒ်ဟာ ကမ္ဘာတဝန်း စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ရပ်တည်ချက် အမြင် သဘောထားတွေကို လာမယ့် နှစ်တွေအတွင်း ပုံဖော်သွားလိမ့်မယ်ဆိုတာကတော့ ရှင်းနေပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါကြောင်းတင်ပြရင်း ဒီသီတင်းပတ်စီးပွားရေးအစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
XS
SM
MD
LG