သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kentucky နဲ့ Oregon ပြည်နယ် ဒီမိုကရက်တစ် သမ္မတလောင်းပြိုင်ပွဲများ ကျင်းပ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့ နောက်ထပ် ဒီမိုကရက်တစ်ပါတီ ပြည်နယ် နှစ်ခုဖြစ်တဲ့ Kentucky နဲ့ Oregon ပြည်နယ်တွေမှာ ဒီကနေ့ အင်္ဂါနေ့ ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေ အကြိတ်အနယ် ယှဉ်ပြိုင်နေပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ပြည်နယ်နှစ်ခုစလုံးမှာ ကောက်ခံတဲ့ စစ်တမ်းတွေအရတော့ ဟီလာရီကလင်တန်အနေနဲ့ အပြတ်အသတ် အနိုင်ရနိုင်တဲ့ အခြေအနေ ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုနေပါတယ်။ ပြီးခဲ့တဲ့ ပြည်နယ်တွေမှာ Bernie Sanders ကို ရှုံးနိမ့်ခဲ့တာတွေကို ပြန်ကာမိပြီး ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဖြစ်နိုင်ချေ ပိုပြီး နီးကပ်လာလေမလား အကဲခတ်တွေ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်း ဖြစ်ဖို့ ကြိုးစားနေတဲ့ Hillary Clinton အနေနဲ့ ဇူလိုင်လ ကျင်းပမယ့် သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့် ပါတီညီလာခံမှာ ကိုယ်စားလှယ်ဦးရေ အများစုကို အနိုင်ရဖို့ ကြိုးစားနေတာပါ။

ဒီမိုကရက်တစ် ဆိုရှယ်လစ်လို့ ကိုယ့်ကိုကိုယ် ကြွေးကြော်ထားတဲ့ Bernie Sanders က သူ့အနေနဲ့ Clinton ကို နိုင်ပြီး သမ္မတလောင်း ဖြစ်ဖို့ အခွင့်အလမ်း နည်းတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့လည်း ပြည်နယ် ၁၉ ပြည်နယ်မှာ သူက Clinton ကို အနိုင်ရထားတာပါ။ Bernie Sanders ဟာ ရီပတ်ဘလစ်ကန်ဘက်က သမ္မတလောင်းဖြစ်မယ်လို့ ယုံကြည်လက်ခံထားတဲ့ Donald Trump ကို ယှဉ်ပြိုင်ရာမှာ Clinton ထက် သာတယ်ဆိုပြီး အမျိုးသားစစ်တမ်းတွေက ဖော်ပြပါတယ်။ Clinton ကို နိုင်ဖို့ အခွင့်အလမ်းနည်းပေမဲ့ ဇွန်လဆန်း နောက်ဆုံးပြည်နယ် ပါတီတွင်း ရွေးကောက်ပွဲအထိ ဆက်လက် ယှဉ်ပြိုင်သွားမယ်လို့လည်း Bernie Sanders က ပြောဆိုထားတာပါ။

NBC ရုပ်သံရဲ့ အင်္ဂါနေ့ Monkey စစ်တမ်းအရ Clinton ဟာ Donald Trump ထက် လူထုထောက်ခံမှု ပြီးခဲ့တဲ့ တပတ်က ငါးရာခိုင်နှုန်း အသာစီး ရနေခဲ့ပေမဲ့ - အခုတော့ ၄၈ ရာခိုင်နှုန်းနဲ့ ၄၅ ရာခိုင်နှုန်း သိပ်မကွာတော့ဘူးဆိုပြီး ဖော်ပြပါတယ်။

XS
SM
MD
LG