သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတဘယ်သူဖြစ်ရင် မြန်မာအတွက်ပိုကောင်းမလဲ


အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း Hillary Clinton နှင့် Donald Trump တို့ ၂ ဦး။
အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း Hillary Clinton နှင့် Donald Trump တို့ ၂ ဦး။

နိုဝင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အမေရိကန်ရောက် မြန်မာတွေဘယ်သူ့ကို မဲပေးကြမလဲ၊ မြန်မာနိုင်ငံအတွက် ဘယ်သူက ပိုကောင်းမယ်လို့ ယူဆကြပါသလဲ ဆိုတာတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ပါတီတွင်း ရွေးချယ်မှုတွေ ပြီးဆုံးသလောက် ဖြစ်လာပြီး ရီပတ်ဘလီကန်ပါတီဘက်က ဘီလီယံနာ သူဌေးကြီး Donald Trump နဲ့ ဒီမိုကရက်ပါတီဘက်က နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီမိုကရက် ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့ ၂ ဦးအကြားမှာ ဘယ်သူ အနိုင်ရမယ်ဆိုတဲ့ တိကျပြတ်သားတဲ့ အဖြေ ထွက်မလာသေးပေမယ့်လည်း လက်ရှိ အနေအထားအရ Hillary Clinton အရေးသာနေတဲ့အတွက် Hillary Clinton နဲ့ Donald Trump တို့ ၂ ဦး ယှဉ်ပြိုင်ရမယ်ဆိုတဲ့ အခိုင်အမာ ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။

ကိုကျော်သက်ဟာ အမေရိကန်နိုင်ငံ၊ Indiana ပြည်နယ်၊ Fort Wayne မြို့မှာ နေထိုင်နေတဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်ပါတယ်။ သူက Hillary Clinton ဟာ NLD ပါတီအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တဦးဖြစ်သလို မြန်မာ့အရေးကို စိတ်ဝင်စား သိရှိထားသူ ဖြစ်တဲ့အတွက် သူ့မကို မဲပေးမယ်လို့ ပြောပါတယ်။

ကိုကျော်သက်။ “ဒီ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကို ကျနော်တို့ မဲပေးပါမယ်။ မဲလည်းပေးခဲ့ပြီးပါပြီ။ ဘာကြောင့်လဲဆိုတော့ Hillary Clinton ဆိုတာ ကျနော်တို့နိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အများကြီးရင်းနှီးတယ်၊ ပြီးရင် ဗမာပြည်ကိုလည်း အဝင်အထွက်ရှိတယ်။ ပြီးရင်သူက ဗမာပြည်ရဲ့ အရေးကိစ္စတွေကိုလဲ အများကြီးစိ်တ်ဝင်စားတယ်။ တခါ ဗမာပြည်မှာ၊ ဥပမာပေါ့ဗျာ အခုအချိန်မှာ တရုတ်ကနေပြီးတော့ ကျနော်တို့ ရှေ့က စစ်အာဏာရှင်တွေနဲ့ ဆက်ဆံပြီးတော့ တိပ်တိပ်ပုန်းလုပ်ထားတဲ့ စီးပွားရေးတွေ ဒါတွေအားလုံးဟာ သူတို့က မြင်ထား ပြီးသားပါ။ ကျနော်တို့ အဓိကကတော့ ဗမာပြည်မှာ ပြည်သူတွေအဓိက ခံစားနေရတာကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ကျူးကျော်မှုတွေ၊ ဒါတွေကို သူတို့က ပြန်ပြီးတော့ ယှဉ်ပြိုင်နိုင်လိမ့်မယ်။ ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ ဆင်းရဲနွမ်းပါးမှုပေါ့နော်၊ ဒီလိုကိစ္စ မျိုးတွေကို အမေရိကန်နိုင်ငံက ထဲထဲဝင်ဝင် လာပြီးတော့ ကူညီနိုင်မယ်။ NGO ပုံစံမျိုးနဲ့သော်လည်ကောင်း နိုင်ငံရေးအရ တိုက်ရိုက် ဝင်ပြီးတော့ ကူညီတဲ့ဟာမျိုး။ တခါ စီးပွားရေးအရ သော်လည်းကောင်း၊ ဒါတွေအများကြီး လုပ်ပေးနိုင်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

New Jersey ပြည်နယ်မှာ အခြေစိုက်နေထိုင်တဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ နောက်တဦးဖြစ်တဲ့ ကိုရင်အေးကလဲ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေဟာ အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးတဲ့အခါ မြန်မာပြည်အရေးကို ထဲ့သွင်း စဉ်းစားပြီး မဲပေးကြလေ့ရှိတဲ့အတွက် သူ့အနေနဲ့လည်း မြန်မာပြည်သူတွေအတွက် အကျိုးရှိနိုင်တဲ့ Hillary Clinton ကိုပဲ မဲပေးမယ်လို့ ပြောပါတယ်။

ကိုရင်အေး။ “ကျနော်တို့ဒီ အမေရိကားကို ရောက်လာကြတဲ့ အင်အားစုတွေ၊ ဗမာပြည်က အင်အားစုတွေ အနေနဲ့ကတော့ အမေရိကန်သမ္မတကို ရွေးချယ်ကြတဲ့အထဲမှာ ကိုယ့်တိုင်းပြည်ရဲ့အနေအထားကို ကြည့်ပြီးတော့ ကျနော်တို့က အဓိကထား ရွေးကြတာပေါ့နော်။ နောက်ပြီးတော့မှ ကိုယ့်ရဲ့အခြေနေက နောက်တချက်ပေါ့။ ပထမဦးစားပေးကတော့ ကိုယ့်တိုင်းပြည် အခြေအနေကို ဦးစားပေးတယ်။ ကျနော်တို့ တချိန်လုံး ရီပတ်ဘလီကန်ပါတီ အနေနဲ့က ဒီစစ်အုပ်စုကို ဖိအားတွေ ပြင်းပြင်းထန်ထန် ပေးခဲ့ပြီးတော့ အကြပ်တွေ့စေခဲ့တယ်။ အဲဒီမှာနောက်ဆုံး ၂၀၀၉ မှာ မစ္စတာအိုဘားမား တက်လာခဲ့တဲ့၊ ဒီ ဒီမိုကရက်ကနေ သမ္မတအနေနဲ့ တက်လာခဲ့တဲ့အချိန်ကနေ စပြီးတော့ သူတို့ပေါ်လစီတွေ ပြောင်းသွားတယ်ဗျ။ သူတို့အနေနဲ့ စစ်အုပ်စုပေါ်မှာ တချိန်လုံး pressure ပေးလာခဲ့တဲ့ ပုံသဏ္ဍန်ကနေ ပြီးတော့မှတဆင့် ပူးပေါင်းဆောင်ရွက် ပြီးတော့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သွားမယ် ဆိုပြီးတော့ အိုဘားမားရဲ့ Change ဆိုတဲ့ပေါ်လစီ အပြောင်းအလဲမှာ ကျနော်တို့ တိုင်းပြည်လဲ ပါလာခဲ့တယ်။ ဒါကြောင့်မို့လို့လည်း ဒီ ပေါ်လစီအပြောင်းအလဲ အပေါ်မှာ ဒေါ်စုကိုယ်တိုင်လည်း လိုက်ပြီးတော့ ဒီ Change ကို - အရွှေ့အပြောင်းကို ကစားခဲ့တာပေါ့နော်။ ဒါကြောင့်မို့လို့ ဒီ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့တယ်၊ ၂၀၁၅ မှာ တနိုင်ငံလုံး အတိုင်းအတာ အနိုင်ရခဲ့တယ်။ ဆိုတော့ ဒီလမ်းကြောင်းက ဒီမိုကရက်ရဲ့ ပေါ်လစီနဲ့ သွားနေတဲ့ လမ်းကြောင်းလို့ ကျနော်တို့ မြင်တယ်လေ။ ဒါကြောင့်မို့ ကျနော်တို့ ဆက်လက်ပြီးတော့ ဒီ ဒီမိုကရက်လမ်းကြောင်းကိုပဲ ကျနော်တို့က ဆက်ပြီးထောက်ခံပေးသွားမယ်။ ဒီလမ်းကြောင်းက အခုဆို ရွှေ့နေတဲ့ အရွေ့ကို ကျနော်တို့က မြင်နေရလို့ပဲ .. ကိုယ့်တိုင်းပြည်အတွက်။ ဒါကြောင့်မို့ ဒီမိုကရက်က ကိုယ်စားလှယ်လောင်းဖြစ်တဲ့ Hillary Clinton ကို ကျနော်တို့က မဲပေးမယ်။”

နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ Hillary Clinton နဲ့ Donald Trump တို့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် လက်ရှိ ကောက်ယူထားတဲ့ လူထု စစ်တမ်းတွေအရ Hillary Clinton က အနဲငယ် အသာစီး ရနေပေမယ့်လည်း နိုင်မယ်ဆိုတာတော့ ယတိပြတ် ပြောလို့ မရနိုင်သေးပါဘူး။

ဒါကြောင့် Donald Trump သာ အနိုင်ရခဲ့ရင် မြန်မာနိုင်ငံနဲ့ ဆက်စပ်လို့ ဘယ်လို ပုံစံမျိုး ဖြစ်လာနိုင်သလဲ မေးကြည့်တဲ့အခါ Fort Wayne မြို့က ကိုကျော်သက်က အခုလို သုံးသပ်ပါတယ်။

ကိုကျော်သက်။ “Trump က အဓိက သူ့ရဲ့ ဦးတည်ချက်က၊ သူအခုဆိုရင် သူဒီမှာပြောနေတာတွေရှိပါတယ်၊ Immigrant (ရွေ့ပြောင်း လာရောက်နေထိုင်သူတွေကို) နှိပ်ကွပ်မယ်ဆိုတဲ့ အမြင်ထက်ကို သူက တရုတ်ရဲ့ စီးပွားရေး လွှမ်းခြုံမှုကို သူမကြိုက်တာတွေကို ပြောဆိုနေတာတွေ ရှိပါတယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့ မြန်မာပြည်မှာ တရုတ်နိုင်ငံကလာပြီးတော့ အခုလိုမျိုး စီးပွားရေးတွေ လက်ဝါးကြီးအုပ်၊ အနိုင်ကျင့် ဒီလိုမျိုး တဖက်သတ် စာချုပ်တွေနဲ့ အလုပ်လုပ်ထားတဲ့အပေါ်မှာ သူလည်း အမြင်ရှိမှာပါ။ အဲဒီအခါကျတော့ မြန်မာပြည်အပေါ်တော့ သူလည်း အာရုံစိုက်လိမ့်မယ်လို့ ထင်ပါတယ်။”

လက်ရှိအချိန်မှာတော့ သမ္မတကိုယ်စားလှယ်လောင်း ပါတီတွင်း ရွေးချယ်မှုတွေ ဆက်လက် ကျင်းပနေဆဲ ဖြစ်တာကြောင့် ဒီမိုကရက် ပါတီက ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်ကြတဲ့ Hillary Clinton နဲ့ Bernie Sanders တို့ ၂ ဦးဟာ ဆက်လက် ယှဉ်ပြိုင်နေကြဆဲ ဖြစ်ပါတယ်။

ရီပတ်ဘလီကန်ပါတီဖက်ကတော့ Donald Trump တဦးသာ ပါတီကို ကိုယ်စားပြုမယ့် သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ကျန်တော့တဲ့အတွက် သူတို့ပါတီတွင်း ရွေးချယ်မှုတွေကို ဆက်လက် ပြုလုပ်စရာမလိုတော့ပဲ ဇူလိုင်လမှာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ Donald Trump ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင် ရွေးချယ်ကြဖို့ပဲ ကျန်ပါတော့တယ်။

XS
SM
MD
LG